သုံးရလွယ်ကူစေသည့် Link များ

ထိုင်းအစိုးရသစ်အတွက် စီးပွားရေး စိမ်ခေါ်မှုများ


ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖွေထိုင်းပါတီ အစိုးရအနေနဲ့ စီးပွားရေးမှာ အပြောင်းအလဲတွေ လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဇူလိုင် ၁၈၊ ၂၀၁၁-ထိုင်းအစိုးရသစ်ရဲ့ စီးပွားရေး မူဝါဒတွေဟာ တိုင်းပြည်မှာ တကယ်တမ်း အထောက်အကူ ဖြစ်စေမလား မေးခွန်းထုတ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ နောက်တက်လာဖို့ရှိနေတဲ့ အစိုးရအနေနဲ့ အရင်စစ်အာဏာသိမ်း ဖယ်ရှားခံလိုက်ရတဲ့ အကိုဖြစ်သူ လက်ထက်ကလို စီးပွားရေး မူဝါဒတွေကို ပြန်လည်ကျင့်သုံး လာလေမလား အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ ၀န်ကြီးချုပ်သစ်အဖြစ် အနိုင်ရထားတဲ့ ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) အနေနဲ့ သူ့အစိုးရသစ် တက်လာတဲ့အခါ လူတွေ ထောက်ခံမှုရစေမယ့် စီးပွားရေး အစီအမံတွေကို ကျင့်သုံးသွားမယ့် အရိပ်လက္ခဏာတွေကို ပြသနေတာမို့ ဒီလိုယုံကြည်မှုတွေလည်း ကြီးထွားလာတာပါ။

ထိုင်းအစိုးရသစ် ကျင့်သုံးသွားဖို့ လိုလားနေတဲ့ မူဝါဒတွေနဲ့ ကြုံလာနိုင်ဖွယ်ရှိတဲ့ စီးပွားရေး အလားအလာတွေ၊ စိမ်ခေါ်မှုတွေ ကိုတော့ ဗွီအိုအေ သတင်းထောက် Ron Corben ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာဖို့ ရှိနေတဲ့ ယင်လတ် ရှင်နာဝပ် ဦးဆောင်တဲ့ ဖွေထိုင်းပါတီရဲ့ အောင်မြင်မှုဟာ လူကြိုက်များတဲ့ မူဝါဒတွေကို အခြေခံထားတာကြောင့်လို့ အများက မြင်ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ ဖွေထိုင်းပါတီ အပြတ်အသတ် အနိုင်ရလိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ နိုင်ငံရေး တည်ငြိမ်မှုတွေ ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ထိုင်းနိုင်ငံရဲ့ စတော့ခ်ရှယ်ယာ ဈေးကွက်မှာလည်း ၄.၅% အထိ တက်သွားခဲ့ပါတယ်။ ဒီလိုပဲ ထိုင်းဘတ်ငွေကို ဈေးကွက်ရဲ့ လိုအပ်ချက်အတိုင်း ထားရှိမှာ ဖြစ်တဲ့အကြောင်း ၀န်ကြီးချုပ်လောင်း ယင်လတ် က ပြောဆိုလိုက်တဲ့နောက် ထိုင်းငွေတန်ဘိုးလည်း ရုတ်တရက်မြင့်တက်ခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏဟာဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ထဲမှာ ၇.၈% ရှိခဲ့သလို လစာတွေ တိုးလာတာနဲ့အမျှ ၀ယ်ယူစားသုံးမှုတွေနဲ့အတူ စီးပွားရေး ပြန်လည် အားကောင်း လာလေမလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ အကြီးအကဲ ဖြစ်လာဖို့ ရှိနေတဲ့ ယင်လတ် ကတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလမှာ ကတိပေးထားတဲ့ စီးပွားရေး မူဝါဒတွေထဲက အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ထားတာ တိုးပေးရေးလို ကိစ္စမျိုးတွေကို အကောင်အထည် ဖော်သွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း ရွေးကောက်ပွဲ ကျင်းပအပြီး နောက်တပတ်ထဲမှာပဲ ထပ်ပြီး အာမခံ ပြောဆိုခဲ့တာပါ။

ဒီလို လုပ်ခလစာ သတ်မှတ်ချက် ပြောင်းလဲမယ့် အစီအစဉ်ကြောင့် ငွေကြေးဖောင်းပွမှုနဲ့ တိုင်းပြည် စီးပွားရေးအပေါ် အကျိုးဆက်တွေ ကြုံတွေ့ရမှာကို စိုးရိမ်ပူပမ်မှုတွေ ရှိနေတာတွေကိုတော့ လုပ်ငန်းတွေအပေါ် အခွန်အတုပ် လျှော့ချမှုတွေနဲ့ ထိန်းညှိ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲအတွင်း တုန့်ပြန်ခဲ့ပါတယ်။
“အနိမ့်ဆုံးလစာနဲ့ ပတ်သက်တဲ့ မူဝါဒကိုတော့ စီးပွားရေးလုပ်ငန်းတွေမှာ အခွန်ပေးဆောင်နေရတာတွေကို ၃၀% ကနေ ၂၃% အထိ လျှော့ပေးတာတွေနဲ့ တပြိုင်တည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျမတို့အနေနဲ့ ဒီကိစ္စကို စီးပွားရေး သမားတွေ အားလုံးနဲ့ အတူထိုင် ဆွေးနွေးရဦးမှာပါ။”

ထိုင်းအစိုးရသစ် အနေနဲ့ တိုင်းပြည်မှာ အနိမ့်ဆုံးလုပ်ခလစာအဖြစ် တနေ့ကို အမေရိကန် ၁၀ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ ဘတ်ငွေ ၃၀၀ အထိ သတ်မှတ်သွားဖို့ အဆိုပြုထားတာပါ။ ဒါပေမဲ့လည်း အစီအစဉ်လက်တွေ့ အကောင်အထည် မပေါ်သေးခင်မှာပဲ ထိုင်းနဲ့ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ စိုးရိမ်မကင်းသံတွေက ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ လုပ်ခလစာတွေ ၂ ဆ တိုးပေးရမယ်ဆိုရင် ကုန်ကျစားရိတ်တွေ တိုးလာမှာဖြစ်သလို၊ ငွေကြေး ဖောင်းပွမှုတွေ ထပ်ဖြစ်လာရင် ဘယ်လို ထိန်းချုပ်နိုင်မလဲ ဆိုတာတွေကို ထောက်ပြလာကြတာပါ။ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ပေးရာမှာ ထင်ရှားတဲ့ Morgan Stanley ကုမ္ပဏီကတော့ စီးပွားရေး လုပ်ငန်းတွေက ပေးဆောင်နေရတဲ့ အခွန်ငွေတွေကို ၂၃% အထိ လျှော့ချလိုက်မယ်ဆိုရင် ဒေါ်လာသန်းပေါင်း ၁ သိန်းခွဲလောက်အထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ ပြည်ပကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌ နန်ဒါ ဗွန်ဒါလူဟေး (Nandor von der Luehe) ကတော့ လစာတွေ တိုးပေးရေး အစီအစဉ်တွေဟာ နိုင်ငံရေးသမားတွေ မဲဆွယ်ချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလေ့ရှိတဲ့ ကတိစကားဖြစ်ပေမဲ့ တကယ်တမ်းမှာ ကုန်ထုတ်လုပ်မှု အရည်အသွေး တိုးတက်အောင် လုပ်တာကသာ အောင်မြင်မှုရနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ပါတီတွေ အကုန်လုံးကတော့ လစာတိုးပေးရေး ဆိုတာတွေနဲ့ပဲ ထွက်လာကြတာပါ။ လစာတွေ တိုးပေးတယ်ဆိုတာ ထုတ်လုပ်မှုတွေ တိုးနိုင်သမျှကတော့ ကောင်းပါတယ်။ ဒါပေမဲ့လည်း လစာပဲတိုးပြီး ထုတ်လုပ်မှုကြတော့ တက်မလာဘူး ဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။”

ဖွေထိုင်းပါတီ ဦးဆောင်မယ့် အစိုးရက အလားတူ လူကြိုက်များလှတဲ့ မူဝါဒတွေအဖြစ်နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ ထောက်ပံ့ကူညီမှုတွေ တိုးမြှင့်သွားဖို့၊ စိုက်ပျိုးသီးနှံဈေးတွေကို တိုးပေးဖို့၊ စားရိတ်သက်သာတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးသွားဖို့ ကတိပေးထားတာပါ။ ဒါပေမဲ့လည်း စီးပွားရေး ကျွမ်းကျင်သူတွေကတော့ အစိုးရက အကြွေးတင်ခံပြီး ရက်ရက်ရောရော ကူညီမယ့် အစီအစဉ်တွေအပေါ် သတိပေးနေကြတာပါ။

လယ်သမားတွေ အထောက်အကူ ဖြစ်စေရေး မကြိတ်ခွဲရသေးတဲ့ စပါး တတန်ကို ထိုင်းဘတ်ငွေ ၁ သောင်းခွဲ (ဒေါ်လာ ၅၀၀) နှုန်း၊ အကောင်းစား စံပယ်အမျိုးအစား ဆိုရင် ဘတ်ငွေ ၂ သောင်း (ဒေါ်လာ ၆၆၀) ကျော် ပေးပြီး ၀ယ်ယူမယ်လို့ ၀န်ကြီးချုပ်လောင်း ယင်လတ် က အာမခံထားတာ ဖြစ်ပါတယ်။ မူဝါဒသစ်အရ လယ်သမားတွေ အနေနဲ့ စပါးတွေကို အစိုးရက အာမခံပေးထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချနိုင်သလို၊ ပြင်ပဈေးကွက်မှာ ဈေးကောင်းပို ရတယ်ဆိုရင်လည်း သတ်မှတ်ကာလအတွင်း ရောင်းချခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် ဈေးကွက်မှာ ဆန်ဈေးကျနေတဲ့ အခါမျိုးနဲ့ ကြုံရတဲ့အခါ အစိုးရအနေနဲ့ အရှုံးခံဝယ်ယူရမယ့် သဘောပါ။ ဒီလိုပဲ ထိုင်းနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့ ရောင်းချမှုမှာ လတ်တလော ဆန်တန်ချိန် တတန်ကို ဒေါ်လာ ၅၀၀ ကျော်နှုန်း ရှိနေရာကနေ ၈၀၀ ကျော် လောက်အထိ ခုန်တက်သွားတာမျိုးလို အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ စီးပွားရေး ဆန်းစစ်သူတွေက တွက်ဆနေကြပါတယ်။

ဒီလို အတိမ်းအစောင်းမခံနိုင်တဲ့ မူဝါဒသစ်တွေနဲ့အတူ အရင်က နိုင်ငံရေး တာဝန်တွေ ထမ်းဆောင်ဖူးတဲ့ အတွေ့အကြုံလည်း မရှိသူ အသက် ၄၄ နှစ်အရွယ် ၀န်ကြီးချုပ် တဦးအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်က စိမ်ခေါ်မှုတွေ ကြုံရလိမ့်မယ်လို့လည်း အကဲခတ်တွေက ဟောကိန်းထုတ်နေကြတာပါ။ ထိုင်းနိုင်ငံက ထင်ရှားတဲ့ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရဲ့ ဒုတိယ ပါမောက္ခချုပ် ဆူရတ် ဟိုရာချိုင်ကူ (Surat Horachaikul) ကတော့ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရဲ့ အရှိန်အ၀ါနဲ့ နိုင်ငံရေးမှာ ရှေ့တန်း ရောက်လာသူအဖြစ် ယင်လတ် ရဲ့ စွမ်းဆောင်နိုင်ရည်အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ယင်လတ် အနေနဲ့ နိုင်ငံကို ဘယ်လို အုပ်ချုပ်မှာလဲ? သူ့အကို ပါပါ၊ မပါပါ သူအုပ်ချုပ်နိုင်မှာလား? ဘယ်လို သူအုပ်ချုပ်မှာလဲ? ဆိုတာက မေးခွန်းထုတ်စရာပါ။ သူ့ကို ထောက်ခံခဲ့တဲ့ ရှပ်နီတွေ၊ အုပ်စုအမျိုးမျိုးရဲ့ တောင်းဆိုချက်ကို သူဘယ်လို ကိုင်တွယ်မလဲ? အနိမ့်ဆုံးလစာ တနေ့ကို ဘတ် ၃၀၀ သတ်မှတ်ပေးမယ် ဆိုတာကိုလည်း ယင်လတ် က ဘယ်လိုလုပ်ဆောင် ပေးမလဲဆိုတာ မေးခွန်းထုတ်စရာပါ။”

တချိန်တည်းမှာပဲ လူတွေထောက်ခံမှု ရစေမယ့် အစိုးရရဲ့ မူဝါဒတွေကြောင့် တိုင်းပြည်မှာ အကြွေးတွေများလာမှာကို ပူပမ်မှုတွေ ရှိနေတယ် ဆိုပေမဲ့လည်း ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ အတိမ်းအစောင်း မခံနိုင်သေးတဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေ ကြာကြာခံပါ့မလား ဆိုတာကို ပိုပြီး စိုးရိမ်မကင်း ဖြစ်နေကြပုံလည်း ရပါတယ်။

ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းစက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နဲ့ ဘဏ်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကော်မီတီ တရပ်က ဆိုရင်လည်း အစိုးရသစ်က နိုင်ငံရေးအရ အရေးယူခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပြောဆိုနေတာတွေကို ဒီအချိန်မှာ မလုပ်ဖို့ ရွေးကောက်ပွဲ ကျင်းပပြီး နောက်တနေ့မှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ အဂတိ လိုက်စားမှုအတွက် အရေးယူခံထားရတာကို ရှောင်ရှားပြီး ပြည်ပမှာ နေထိုင်နေတဲ့ အကိုဖြစ်သူ တက်ခ်ဆင် ပြန်လာနိုင်ရေး ရည်ရွယ်ထားတယ်လို့ အများက မြင်နေကြတဲ့ ဒီအစီအစဉ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ တည်ငြိမ်မှုတွေကို ထိခိုက်စေနိုင်တယ်လို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက သတိပေးလိုက်ကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG