သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိုင်ရ ဖွေထိုင်းပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့မည်


အနိုင်ရ ဖွေထိုင်းပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့မည်
အနိုင်ရ ဖွေထိုင်းပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့မည်

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတဝန်း ရွေးကောက်ပွဲတွေမှာ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ယင်းလတ် ရှင်နာဝပ် (Yingluck Shinawatra) ရဲ့ ဖွေထိုင်းပါတီ (Pheu Thai) ကို ထိုင်းလူထုက တခဲနက် ထောက်ခံမဲပေး ရွေးချယ်လိုက်ကြတာကြောင့် ယင်းလတ် ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာပဲ ယင်းလတ် ရှင်နာဝပ်က တခြားပါတီတွေနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့မယ်လို့ ကြေညာလိုက်ပါတယ်။ မကြာခင် ပေါ်ပေါက်လာမယ့် ထိုင်းအစိုးရသစ်အပေါ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)၊ လက်ရှိ အာဏာရ ဒီမိုကရက်ပါတီ၊ ထိုင်းလူထု၊ ထိုင်းစစ်တပ်နဲ့ နိုင်ငံတကာက ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာနဲ့ မြန်မာနဲ့ ဆက်ဆံရေး အနေအထားတွေကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းလွှတ်တော်ရဲ့ အမတ်နေရာ ၅၀၀ ထဲက အမတ်နေရာ ၂၆၄ နေရာ အနိုင်ရလိုက်တဲ့ ယင်းလတ် ရှင်နာဝပ်ရဲ့ ဖွေထိုင်းပါတီက ဒီကနေ့ တနင်္လာနေ့မှာပဲ တခြားပါတီ ၄ ခုနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့မယ်လို့ ကြေညာလိုက်ပါတယ်။

“ဒီကနေ့ ဖွေထိုင်းပါတီနဲ့ တခြား ၄ ပါတီတို့က ပြည်သူလူထုရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရတရပ် ဖွဲ့စည်းရေးအတွက် တပြေးညီ အမြင်တွေကို တင်ပြခဲ့ကြပါတယ်။ အားလုံး ဖွေထိုင်းနဲ့ ညွန့်ပေါင်းအဖွဲ့ ၅ ပါတီက အမတ်နေရာ ၂၉၉ နေရာကို လျာထားပါတယ်။ အမတ် ၂၉၉ နေရာ လျာထားတဲ့ လွှတ်တော်ရှိတဲ့ အစိုးရဟာ ပြည်သူလူထုအကျိုး ဆောင်ရွက်တဲ့နေရာမှာ ခိုင်မာပြီး တည်ငြိမ်တဲ့အစိုးရ ဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။”

ယင်းလတ် ရှင်နာဝပ်ဟာ အရင် ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမလည်း ဖြစ်ပါတယ်။ အခုလို သူမပါတီ အနိုင်ရပြီး ထိုင်းအစိုးရ ဖွဲ့စည်းလာပေမဲ့ သူကတော့ ထိုင်းနိုင်ငံရေး လောကထဲ ဆက်ပြီး ပါဝင်မှာ မဟုတ်ဘူးဆိုပြီး လာဘ်ပေးလာဘ်ယူမှု စွဲဆိုချက်တွေကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့မှာ ခိုလှုံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ပြောပါတယ်။

“ကျနော် အသက်ကြီးနေပါပြီ။ ပါတီမှာ ပါဝင်ခဲ့တာ ကြာလှပြီဆိုတော့ အနားယူချင်ပါပြီ။ တကယ်တော့ ဒီသဘောထားကို ကျနော် ဝန်ကြီးချုပ်ဘဝမှာ ကတည်းက ပြောထားခဲ့တာပါ။ ကျနော် အသက် ၆၀ ဆိုရင် အနားယူတော့မယ်ဆိုတာ၊ အခု ၆၂ နှစ် ရှိနေပါပြီ။ အဲဒါကြောင့် အနားယူသင့်နေပါပြီ။ ကျနော် ထိုင်းနိုင်ငံကို ပြန်မယ်ဆိုရင်တောင်မှ နိုင်ငံရေးလုပ်မယ့် သဘောနဲ့ မဟုတ်ပါဘူး။ ကျနော့်ရဲ့ညီမ အငယ်ဆုံးတောင် ဝန်ကြီးချုပ် ဖြစ်လာပြီဆိုတော့ ကျနော်တို့ရဲ့ခေတ် ကုန်ပြီလို့ ပြောရမှာပါ။”

လက်ရှိ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၆၀ ပဲ အနိုင်ရခဲ့တဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင်လည်းဖြစ် လက်ရှိ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ကတော့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုတယ်လို့ ပြောပါတယ်။

“ကျနော်က ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အရင် ရွေးကောက်ပွဲထက် အနိုင်ရတဲ့ အမတ်နေရာ နည်းပါတယ်။ ခေါင်းဆောင်ကောင်းတိုင်း လုပ်ဆောင်ရတဲ့အတိုင်း ဒီကိစ္စကိုလည်း ကျနော် တာဝန်ယူရပါမယ်။ ဒါကြောင့် ကျနော် ဒီကနေ့ပဲ ပါတီခေါင်းဆောင် အဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။” လို့ အဘီဆစ် ဝိတ်ချာချိဝက ပြောဆိုသွားပါတယ်။

ထိုင်းစစ်တပ် အကြီးအကဲဟောင်းကတော့ ထိုင်းစစ်တပ် အနေနဲ့ ယင်းလတ် ရှင်နာဝပ် အစိုးရဖွဲ့မယ့် အပေါ်မှာ လူထုက ရွေးချယ်တာ ဖြစ်တဲ့အတွက် စစ်တပ်အနေနဲ့ လက်ခံပါတယ်လို့ ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုက ထိုင်းရွေးကောက်ပွဲမှာ ထိုင်းလူထုက တတပ်တအား ပါဝင်ခဲ့တဲ့အပေါ် ချီးကျူး ဂုဏ်ပြုတဲ့အကြောင်း တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောကြားပါတယ်။

အခုလို ထိုင်းနိုင်ငံ အစိုးရသစ် ပေါ်ပေါက်လာမယ့် အပေါ်မှာတော့ လက်တလော နှစ်နိုင်ငံနယ်စပ်က သူပိုင် ငါပိုင် အငြင်းပွားနေတဲ့ ရှေးဟောင်းဘုရားကျောင်း ပြဿနာကြောင့် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရတဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ခမာ ဘာသာစကားနဲ့ အခုလို ပြောခဲ့ပါတယ်။

“ဖွေထိုင်းပါတီ အနိုင်ရတဲ့ အပေါ်မှာ ကျနော်တို့ အားရကျေနပ် ဖြစ်မိပါတယ်။ အစိုးရသစ် လက်ထက်မှာ နှစ်နိုင်ငံ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း။” ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ အခုလို ထိုင်းအစိုးရသစ် လက်ထက်မှာ မြန်မာအစိုးရနဲ့ စီးပွားရေးအရ ဆက်ဆံမှုပိုင်းမှာ တိုးတက်လာမယ့် အနေအထား ရှိပေမဲ့ မြန်မာ့ဒီမိုကရေစီရေးကို ထိုင်းအစိုးရသစ်က ဘယ်လောက် ဆောင်ကြဉ်းပေးနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုကြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတဦး ဖြစ်တဲ့ ဦးဇော်မင်းက အခုလို ပြောပါတယ်။

“ကျနော်တော့ စီးပွားရေးအရ ပိုနီးစပ်လာမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သက်ဆင်ရဲ့ ညီမလည်း ဖြစ်တယ်ဆိုတော့ သူတို့ကတော့ အကုန်လုံး စီးပွားရေးလောက၊ စီးပွားရေး နောက်ခံတွေက လာတာပဲလေ။ အခု အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမယ့် ယင်းလတ် ကိုယ်တိုင်ကလည်း CEO တယောက်ပဲ၊ စီးပွားရေး နယ်ပယ်မှာ။ ဆိုတော့ ကျနော်တို့ထဲမှာလည်း စီးပွားရေးနဲ့ ပတ်သက်တာတွေပဲ ပိုပြီး အလေးပေး ဆောင်ရွက်မယ်လို့ မြင်ပါတယ်၊ မြန်မာနဲ့ ပတ်သက်လို့။”

နိုင်ငံရေး အတွေ့အကြုံနည်းတဲ့ ယင်းလတ် ရှင်နာဝပ် အနေနဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့် အပေါ်မှာတော့ ထိုင်းလူထုက စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုနေကြပါတယ်။

“သူမအနေနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အတွက် တော်တယ်၊ မတော်ဘူး ဆိုတာကို ပြောဖို့ ခက်ပါတယ်။ သူ မိန့်ခွန်းပြောတာလည်း အမြဲ ကြိုတင်ရေးထားတာကို ဖတ်နေတာ တွေ့ရတော့ သူ မိန့်ခွန်းကောင်းကောင်း မပြောတတ်ဘူးဆိုတာ တွေ့ရတယ်။” လို့လည်း ထိုင်းအမျိုးသမီး တယောက်က ပြောသွားပါတယ်။

ယင်းလတ် ရှင်နာဝပ်ရဲ့ ဖွေထိုင်းပါတီ အနိုင်ရကြောင်း ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ထိုင်းငွေကြေး ဈေးကွက်အတွင်း စတော့ရှယ်ယာ ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။

XS
SM
MD
LG