သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေကြီးမှု သေဆုံးသူ ၂၀ ကျော်ပြီ


ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံတဝှမ်း ရေကြီးမှုကြောင့်
သေဆုံးသူဦးရေ ၂၀ ကျော်သွားပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ ၂ နှစ်အတွင်း စံချိန်တင်လောက်အောင် ရေကြီးခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလလယ်ကစပြီး ခရိုင်ပေါင်း ၇၇ ခုထဲမှာ ၃၂ ခရိုင်လောက် ရေကြီးတဲ့ဒဏ်ကို ခံရတာမို့ လူပေါင်း ၂၃ ဦးသေဆုံးခဲ့ရတာလို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ တာဝန်ခံတွေက ပြောပါတယ်။ ခရိုင်ပေါင်း ၂၅ ခရိုင်မှာ အခုထိ ရေလွှမ်းမိုးနေဆဲဖြစ်ပြီး လူပေါင်း ၃ သန်းနီးပါး ရေဘေးဒဏ်သင့်ခဲ့ရပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ အင်္ဂါနေ့က တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်း Wutip မုန်တိုင်းကြောင့် လူ ၃ ဦးအနည်းဆုံးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ၁ နာရီ ၆၂ မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အိမ်ပေါင်း ၁ သိန်းနီးပါးလောက် ပျက်စီးဆုံးရှုံးခဲ့တာပါ။

မုန်တိုင်းဦးတည်တိုက်ခတ်မယ့် ဒေသတွေမှာ ထောင်သောင်းချီရှိတဲ့ ဒေသခံတွေကို ဗီယက်နမ် အာဏာပိုင်တွေက မုန်တိုင်းနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ကို ဗဟိုပြုတိုက်ခိုက်ခဲ့တဲ့ Wutip မုန်တိုင်းကြောင့် တရုတ်ငါးဖမ်းသင်္ဘော အနည်းဆုံး ၃ စင်းလောက် နစ်မြုပ်ခဲ့ပြီး ငါးဖမ်းလုပ်သား ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာန ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် ငါးဖမ်းလုပ်သား ၇၄ ဦးလောက် ပျောက်ဆုံးနေပြီး ၁၄ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
XS
SM
MD
LG