သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေကြီးမှု သေဆုံးသူ ၅၀၀ ကျော်ပြီ


ဘန်ကောက်မြို့က ရေလျှံနေတဲ့လမ်းမတွေပေါ်မှာ သွားလာနေကြသူတချို့ (နိုဝင်ဘာလ ၆၊ ၂၀၁၁)
ဘန်ကောက်မြို့က ရေလျှံနေတဲ့လမ်းမတွေပေါ်မှာ သွားလာနေကြသူတချို့ (နိုဝင်ဘာလ ၆၊ ၂၀၁၁)

ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်ပေါ်နေတဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေဟာ ၅၀၀ ကျော်သွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ တဖြည်းဖြည်းတက်လာနေတဲ့ရေဟာ ဘန်ကောက်မြို့ပြင်က နံမည်ကြီး Chatuchak လေဟာပြင်ဈေးကိုပါ ခြိမ်းခြောက်လာနေပြီလို့ ဆိုပါတယ်။

ဘန်ကောက်မြို့ပြင် အဝေးပြေးကားဂိတ် မိုချစ်ကားဂိတ် ကောင်းကင်ရထားမှတ်တိုင်အောက် တမင်မြင့်အောင် ဆောက်ထားတဲ့ လမ်းမပါ ရေမြှုပ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဘန်ကောက်မြို့လယ်မှာ ခဏတာ အနည်းအကျဉ်းတော့ ရေကြီးနိုင်တယ်လို့ ဘန်ကောက်မြို့သားတွေကို ဝန်ကြီးချုပ်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

သဲအိတ်အများအပြားနဲ့ တည်ဆောက်ထားတဲ့ တမံကြီးပြီးဆုံးသွားပြီမို့ ဘန်ကောက်မြို့လယ်က စီးပွားရေးနဲ့ နိုင်ငံရေးအရ အချက်အချာကျတဲ့ နေရာတွေကို ရေတွေမဝင်အောင် စုပ်ထုတ်နိုင်တော့မယ်လို့ တိုင်းပြည်ကို အပတ်စဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ထည့်သွင်း ပြောကြားခဲ့တာပါ။

တိုင်းပြည်အတွင်း ခရိုင်အားလုံးရဲ့ သုံးပုံတစ်ပုံကို ရေလွမ်းခဲ့တာဖြစ်ပြီး လူပေါင်း ၃ သန်းလောက်လည်း ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြရတာပါ။ ငွေကြေးအရ ဆုံးရှုံးမှုကလည်း ဒေါ်လာ ဘီလီယံနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။ ရေဘေးဒဏ်ကြောင့် စက်ရုံပေါင်း ၁ သောင်းကျော် ပိတ်ထားရပြီး အဲဒီ စက်ရုံတွေက အလုပ်သမား ၆ သိန်းခွဲကျော်ဟာလည်း အလုပ် ပြုတ်သွားကြပါတယ်။

ပျက်ဆီး ဆုံးရှုံးမှုတွေ ရှိနေပေမဲ့ ဒီဇင်ဘာလအစောပိုင်းမှာ ရေပြန်ကျပြီး အစိုးရရဲ့ ပြည်တွင်း အသုံးစရိတ်ကို ပြန်လည် မွမ်းမံလိုက်ရင် စီးပွား ပြန်လည် နာလန်ထူလာနိုင်တယ်လို့ ထိုင်း ဗဟိုဘဏ်ဥက္ကဋ္ဌ Prasarn Trulratvorakul က ပြောပါတယ်။

XS
SM
MD
LG