ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တနင်္ဂနွေနေ့က မြို့တော်သန့်ရှင်းရေးနေ့ သတ်မှတ်ပြီးတော့ ရေကြီးရာက ကျန်ရစ်ခဲ့တဲ့ အမိုက်သရိုက်တွေကို မြို့တော်တဝိုက် သန့်ရှင်းရေးတွေ လုပ်ခဲ့ကြပါတယ်။
မြို့လယ်ခေါင်မှာ နောက်ဆုံး ရေကျသွားပြီဖြစ်လို့ စေတနာ့ဝန်ထမ်းအဖွဲ့တွေက လမ်းမတွေပေါ်မှာ ပုံနေတဲ့ အမှိုက်တွေ၊ အညစ်အကြေးတွေကို လိုက်လံဖယ်ရှားပေးနေကြသလို ရာနဲ့ချီလူတွေဟာ နေအိမ်တွေထဲက အမှိုက်တွေကို အပြင်ထုတ်သန့်ရှင်းတာ၊ တံမြက်စည်းလှဲ သန့်စင်တာတွေ လုပ်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ ရာသီဥတုကလည်း မိုးသားကင်းစင်ပြီး ကောင်းကင်ပြာပြာနဲ့ ခြောက်ခြောက်သွေ့သွေ့ ရှိခဲ့ပါတယ်။
ဘန်ကောက်မြို့တော်ကနေ ရေဟာ တဖြည်းဖြည်းချင်း ပြန်ကျသွားနေပြီဖြစ်သလို ဘန်ကောက်မြို့က လမ်းမတွေ အတော်များများ နှစ်ပတ်အတွင်း ပြန်လည် ခြောက်သွေ့သွားတော့မှာပါလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။