သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာဘောလုံး အသင်း အခြေအနေ


မြန်မာလက်ရွေးစင် ဘောလုံးအသင်း ( ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်)။
မြန်မာလက်ရွေးစင် ဘောလုံးအသင်း ( ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်)။
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီး၊ အနိုင်ကစား သွားမှာဖြစ်တယ်လို့ မြန်မာဘောလုံးအသင်း တာဝန်ရှိသူ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအသင်းအနေနဲ့ အရင်ပွဲတွေထက် ပိုပြီးတော့ ကြိုးစား ကစားရမယ်လို့ လည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ကစားမယ့် မြန်မာ နဲ့ ထိုင်းတို့ရဲ့ ဘောလုံးပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲတွေမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲလို့ဆိုရမယ့် အိမ်ရှင် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး အားကစားကွင်းမှာ ကစားကြမှာပါ။ အုပ်စု ပထမ ၂ ပဲွဲမှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ဂိုး ဂိုးမရှိ၊ တီမောကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ထားသလို၊ ထိုင်းကလည်း တီမောကို ၃ ဂိုး ၁ ဂိုး ၊ အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ထားတာကြောင့် ၂ သင်းစလုံးဟာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ် နဲ့ ရမှတ်တူနေပါတယ်။ ဒါကြောင့် မြန်မာ နဲ့ ထိုင်းပွဲဟာ အုပ်စုမှာ အဆုံးအဖြတ်ပေးမယ့် ပွဲတပွဲဖြစ်ပါတယ်။

မြန်မာကစားသမားတွေဟာ အခုချိန်မှာ နိုင်စိတ်အပြည့်ရှိနေတယ်လို့ ဗီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော် က ပြောပါတယ်။

"မြန်မာအသင်းကတော့ ထိုင်းကိုအနိုင်ကစားမှာပေါ့။ အရေးကြီးတဲ့ ပွဲစဉ်လည်းဖြစ်တယ်။ ကိုယ့်အိမ်ကွင်းမှာလည်း ကစားတာဖြစ်တယ်။ အနိုင်ကစားမယ်။"

မေး- ထိုင်းနဲ့ကန်မယ့်ပွဲအတွက် အသင့်ဖြစ်နေတယ်ပေါ့။

" ဟုတ်တယ်။ အသင့်ပဲ။"

မေး- ဒီပွဲမှာ အသင်းမှာ ဒဏ်ရာရတဲ့သူ မပါနိုင်တဲ့သူ အနေအထားကရော ဘယ်လိုရှိပါသလဲ။

" ဒဏ်ရာရတဲ့သူလည်း အဲ့ဒီ့ဒဏ်ရာတွေက သေးသေးမွှားမွှားပဲ အဲ့ဒီ့ဒဏ်ရာတွေကို အကုန်မေ့ပြီး သူတို့အကုန် ကစားကြမှာ။ ဗိုလ်လုပွဲအတွက် နှလုံးသွင်းပြီး ကစားမှာ။"

ထိုင်းအသင်းဟာ ဘောလုံးအပေးအယူ တိကျပြီး၊ ကွင်းလယ်အားကောင်းသလို၊ ရတဲ့ ဂိုးသွင်းခွင့်တွေကိုလည်း မလွတ်တမ်းအသုံးချနိုင်ပြီး ဂိုးသွင်းသေချာတဲ့ အသင်းတသင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ မြန်မာအသင်းအနေနဲ့ ထိုင်းနဲ့ ကစားတဲ့အခါမှာ ဘာတွေကို အထူးသတိထားဂရုစိုက်ဖို့လိုမလဲ။ ဝါရင့် အားကစားဆောင်းပါးရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောတာကတော့

"အဲ့ဒီ့ကြားထဲမှာ ကျနော်ပြောသလို သူတို့က တချက်ထိ ညာပေး၊ နှစ်ချက်ထိ ညာပေး၊ လူတွေကြားထဲကနေ နောက်တန်းကြားထဲကနေ ကျော်ကျော်ပြီး ချပေးတာတွေ အဲ့တာတွေ ပေးတာကောင်းတယ်။ အဲ့တာကိုဖျက်နိုင်မှ ကျနော်တို့က နည်းနည်း အခွင့်အရေးသာမယ်ပေါ့နော်။"

အုပ်စု B မှာ ထိုင်းက အင်ဒိုနီးရှားကို အနိုင်ရလိုက်တဲ့အတွက် ၊ မြန်မာအသင်း နဲ့ ထိုင်းနဲ့ ပွဲရလဒ်ဟာ အုပ်စု B မှာ ဘယ်အသင်း အုပ်စု ပထမနေရာ ရမယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့်ပွဲလိုလည်း ဆိုရမှာဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာအသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဦးခင်မောင်ထွေး သုံးသပ်တာကတော့ -

" မြန်မာအသင်းက ပြီးခဲ့တဲ့ ကစားတဲ့ နှစ်ပွဲဆိုရင်တော့ တော်တော်လေး ကြိူးစားပမ်းစား၊ ကစားရမှာပဲဗျ။ ထိုင်းကလည်း ကျနော်တို့ကို နိုင်လိုက်ရင် အကြိုဗိုလ်လုပွဲ တက်ဖို့ သေချာသွားတဲ့ အနေအထား ရှိတယ်လေ။ နောက်ဆုံးပွဲက သူက ကမ္ဘောဒီးယားနဲ့ကစားရမှာ။ သူတို့က ကျနော်တို့ကို အနိုင်ကစားမှာ၊ ယုံမှားသံသယမရှိဘူး။ ဒါပေမဲ့လည်း ကြည့်တဲ့ပရိတ်သတ်ရော၊ ကိုယ့်မြေပေါ်မှာရော၊ နောက်ပြီး တသင်းနဲ့တသင်းက ပြောပလောက်အောင် ကွာခြားတာ မရှိတော့ မြန်မာအသင်းက အနိုင်ကစားဖို့တော့ လိုတယ်။ မတော်တဆ ခြေချော် လက်ချော် ရှုံးခဲ့ရင် အင်ဒိုနီးရှားကို ကစားဖို့ခက်မယ်။ အင်ဒိုနီးရှားကလည်း ကျနော်တို့ကို နိုင်ခဲ့ရင် ဗိုလ်လုပွဲတက်နိုင်တဲ့ အနေအထားမျိုးရောက်သွားနိုင်တယ်။ အင်ဒိုနီးရှားနဲ့ပွဲကတော့ ကျနော်ပြောရဲပါတယ်။ မြန်မာ အသင်းနိုင်ဖို့များပါတယ်။ ထိုင်းနဲ့ကတော့ ငါးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်းပဲ၊ အမှားများတဲ့အသင်း ရှုံးမယ်။ အမှားနည်းတဲ့အသင်းနိုင်မယ်။ ပြောလို့မရဘူး။ အင်ဒိုနီးရှား ကို သေချာပေါက်ပြော လို့ရတယ်။ ကမ္ဘောဒီးယားနဲ့ကစားတဲ့ပွဲရော ကျနော်တို့ မြန်မာလက်ရွေးစင်အသင်းကို နိုင်နိုင်တဲ့ အဆင့်မရှိဘူး ကျနော်တော့ သုံးသပ်မိတယ်။"

မေး- ဦးခင်မောင်ထွေးက ထိုင်းနဲ့ပွဲကို ဘယ်လိုထင်လဲ။

"မြန်မာအသင်းက နည်းနည်းလေး တသင်းလုံး ညီညီညွတ်ညွတ်နဲ့ အင်တိုက် အားတိုက် ကစားရင် အနိုင်ရဖို့များပါတယ်။"

လာမယ့် ၁၆ ရက်နေ့မှာတော့ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ အင်ဒိုနီးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ အုပ်စု A ပွဲစဉ်မှာတော့ မလေးရှားအသင်းက လာအိုအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပြီး၊ စင်ကာပူအသင်းက ဘရူနိုင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။
XS
SM
MD
LG