သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုလျှို့ဝှက်သွားရောက်ခဲ့


နေပြည်တော်ရှိ ပါလီမန်လွှတ်တော် ညမြင်ကွင်း သြဂုတ် ၂၁၊ ၂၀၁၁
နေပြည်တော်ရှိ ပါလီမန်လွှတ်တော် ညမြင်ကွင်း သြဂုတ် ၂၁၊ ၂၀၁၁
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံ နေပြည်တော်ကို စစ်လေယာဉ်နဲ့ ရောက်ရှိလာခဲ့တယ်လို့ နေပြည်တော်စစ်ဖက်အသိုင်းအဝိုင်းက အတည်ပြုချက်ရပါတယ်။ NUG ကြားကာလအမျိုးသားညွန်ပေါင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး မဇင်မာအောင်ကတော့ “စစ်ကောင်စီတက်ခွင့်မရတဲ့ အာဆီယံအစည်းအဝေးထဲမှာ စစ်ကောင်စီဖက်က အသံကို ကိုယ်စားပြု သယ်လာဖို့ လုပ်တဲ့ခရီးစဉ်ဖြစ်မယ်လို့ သုံးသပ်” တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်စပ်အစည်းအဝေး မတိုင်မှီ ရက်ပိုင်းနေ့ချင်းပြန် တိုးတိုးတိတ်တိတ် သွားခဲ့တဲ့ခရီးစဉ်လို့ ပြောရမှာပါ။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်ရော ထိုင်းအစိုးရဖက်ကပါ တရားဝင်ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမယ့် တွေ့ခွင့်ရမရ အတိအကျ မသိရပါဘူး။ ထိုင်းနိုင်ငံဟာ မြန်မာအရေးနဲ့ပတ်သက်လို့ တခြားအာဆီယံနိုင်ငံတွေမတူပဲ ပုံစံတမျိုးနဲ့ချည်းကပ်နေတာပါ။
မကြာသေးခင်ကလည်း မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး၊ အလွတ်သဘော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးတရပ်ကျင်းပဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကို အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးဖို့ အာဆီယံ ထိပ်သီးအစည်း အဝေးက ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်လည်း ထိုင်းကလုပ်တဲ့ ဒီအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး အဆင့် ဆိုလို့ ထိုင်းနဲ့ လာအိုနိုင်ငံတို့ကပဲ တက်ရောက်ခဲ့သလို၊ ဒီ အစည်းအဝေးဟာ အာဆီယံဆုံးဖြတ် ချက်ကို သွေဖည်တယ်ဆိုပြီး အာဆီယံအတွင်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာ့အရေးဖြေရှင်းဖို့ ဖြစ်နိုင်သမျှနည်းလမ်းတွေရှာသွားမယ်လို့ အာဆီယံအတွင်း သဘောထားရှိခဲ့တယ်ဆိုတာ ထောက်ပြပြီး၊ ဒါဟာ အာဆီယံသဘောထားနဲ့ကိုက်ညီတယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မနေ့ကပဲ ပြောခဲ့ပါတယ်။ မြန်မာ့အရေး အာဆီယံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးအထောက်အပံ့ဖြစ်စေဖို့အတွက် အခြားနည်းလမ်းတွေကိုလည်းရှာဖွေ သွားမယ်ဆိုတဲ့ မြန်မာ့အရေးအာဆီယံထိပ်သီးထုတ်ပြန်ချက်ပါ အပိုဒ် ၁၄ ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြန်ထောက်ပြထားပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးချည်းကပ်ဖြေရှင်းဖို့ မြန်မာစစ်ကောင်စီနဲ့တင်မဟုတ်ပဲ သက်ဆိုင်ရာ ဘက်အားလုံးနဲ့ ထိစပ်သွားရမယ်ဆိုတဲ့ မူကို ကိုင်စွဲ ထားတာပါ။ ဒါကြောင့်လည်း NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ ထိစပ်ဆောင်ရွက်နေ တာတွေရှိပါတယ်။ အာဆီယံမှာ အင်ဒိုနီးရှားဦးဆောင်နေတဲ့ ကာလအတွင်း မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့ NUG ယာယီသမ္မတကလည်း ဗွီအိုအေကို ပြောထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG