သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tak ခရိုင်က ဆေးရုံကို ထိုင်းကျန်းမာရေးဌာန ငွေကြေးထောက်ပံ့


အုန်ဖန်ဆေးရုံ၊ တက်ခရိုင် (Photo: Umphang Hospital Foundation Facebook)
အုန်ဖန်ဆေးရုံ၊ တက်ခရိုင် (Photo: Umphang Hospital Foundation Facebook)

ထိုင်း-မြန်မာနယ်စပ် တက်ခ် (Tak) ခရိုင်အတွင်းမှာရှိတဲ့ အုန်ဖန် (Umphang) ဆေးရုံကို အစိုးရကျန်းမာရေးဌာနက ဘတ်ငွေသန်း ၂၀ အရေးပေါ် ထောက်ပံ့ပေးလိုက်တယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။ ဒီဆေးရုံအနေနဲ့ ဘတ်ငွေသန်း ၄၀ လိုငွေပြနေတဲ့အတွက် အစိုးရက ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပေးလာကြတဲ့ တိုင်းရင်းသားတွေက ဒီ Umphang ဆေးရုံမှာ လာရောက် ကုသမှုခံယူကြတာမှာ အများစုက ငွေကြေးမတတ်နိုင်ကြတာကြောင့် ဆေးရုံအနေနဲ့ အခုလို ငွေကြေး မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ Opas Kankawinpong က ပြောပါတယ်။

ဆေးရုံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့ ဇူလိုင်လအတွင်း ဘတ် သန်း ၂၀ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ရှိနေတဲ့ တခြားဆေးရုံတွေလည်း Umphang ဆေးရုံးနည်းတူ ဘဏ္ဍရေး လိုအပ်ချက်တွေ ရှိမရှိ စုံစမ်းစစ်ဆေးပေးဖို့ ကျန်းမာရေးဌာနက အရာရှိတချို့ကို တာဝန်ပေးထားကြောင်းနဲ့ ဒီလို ကြုံနေရတဲ့ အခြေအနေကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းကိုပါ တင်ပြကြဖို့ သူ့အနေနဲ့ ညွန်ကြားထားကြောင်းလည်း ဒေါက်တာ Opas က ပြောပါတယ်။

Umphang ဆေးရုံဟာ “ခရိုင်တခု၊ ဆေးရုံတခု” ဆိုတဲ့ စီမံကိန်းနဲ့အညီ တည်ဆောက်ထားတဲ့ ခရိုင်ဆေးရုံဖြစ်ပြီး ဒါဟာ ခရိုင်အတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသုံးစားရိတ်အတွက် အချင်းချင်း မျှဝေသုံးစွဲတဲ့စံနစ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆေးရုံကို ရောက်လာကြတဲ့ ရွေ့ပြောင်းနေထိုင်သူ အတွင်းလူနာ ၂၅% နဲ့ ပြင်ပလူနာ ၅၀% တို့ဟာ ငွေကြေး မတတ်နိုင်ကြဘူးလို့ Umphang ဆေးရုံအုပ် ဒေါက်တာ Worawit Tantiwattanasap က ပြောပါတယ်။ လူနာအတော်များများဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက် ဒဏ်ရာရလာသူတွေဖြစ်သလို ငှက်ဖျားရောဂါ လာကုကြသူတွေလည်း ပါတယ်လို့ ဒေါက်တာ Worawit က ပြောပါတယ်။

XS
SM
MD
LG