သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း နှိပ်စက်မှုတွေ ထိုင်းစစ်အစိုးရကျူးလွန်


ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကြာခဲ့ပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေး ကာလအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ တော်တော် များများ ဖြစ်ပွားခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောဆိုလိုက်ပါတယ်။

နောက်ထပ် အဖွဲ့အစည်းတခုဖြစ်တဲ့ ထိုင်းလူ့အခွင့်အရေး ရှေ့နေများအဖွဲ့ ကလည်း မေလ ၂၂ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က အနည်းဆုံး လူပေါင်း ၁၄ ယောက်ကို လက်နက်မှုနဲ့ စွပ်စွဲပြီး စစ်တပ်ကနေ နှိပ်စက်ညှဉ်းပန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့က ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို လျှောက်ထားခဲ့ပါတယ်။

လန်ဒန်မှာအခြေစိုက်တဲ့ AI အဖွဲ့ကြီးက ကြာသပတေး နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ စစ်တပ်ရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေး အခြေခံ စံနှုန်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဒီထုတ်ပြန်ချက်ကို CNPO လို့ခေါ်တဲ့ ထိုင်းစစ်အုပ်ချုပ်ရေးကောင်စီကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ကြိုတင်ပို့ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ CNPO ကို VOA က ဆက်သွယ်တဲ့အခါမှာတော့ ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကြေညာချက်ကို မတွေ့ရသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG