သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနှင့် အင်ဒိုနီးရှား ခေါင်းဆောင်များ ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေး


ထိုင်းနှင့် အင်ဒိုနီးရှား ခေါင်းဆောင်များ ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေး

မြန်မာနိုင်ငံကိုလည်း ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ဖို့ ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) ဟာ ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံကို ရောက်နေပါတယ်။ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း ၂ နိုင်ငံ ခေါင်းဆောင်တွေ ကတိပြုခဲ့ကြတာပါ။

ကုန်သွယ်မှုတွေ အလျှင်အမြန် ကြီးထွားလာနေတဲ့ အတွက်လည်း အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudoyono) နဲ့ သူကိုယ်တိုင် ကျေနပ်အားရမှု ရှိခဲ့ကြသလို တိုးချဲ့နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးဖြစ်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းအစိုးရသစ်ရဲ့ အကြီးအကဲအဖြစ် ဒေသတွင်း နိုင်ငံတွေကို သွားရောက်ရာမှာ အင်ဒိုနီးရှားနိုင်ငံဟာ ဒုတိယဖြစ်ပြီး ဒီမတိုင်မီ စနေနေ့မှာတော့ ဘရူနိုင်းနိုင်ငံကို သွားရောက်ခဲ့တာပါ။ ကြာသပတေးနေ့မှာတော့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဖမ်းဆီးခံထားရသူ ထိုင်း တက်ကြွလှုပ်ရှားသူ ၂ ယောက် ပြန်လွှတ်ပေးရေး ခရီးစဉ်အတွင်းမှာ မေတ္တာရပ်ခံလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ သောကြာနေ့မှာတော့ လာအိုနိုင်ငံကို သွားရောက်မှာပါ။

ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ ဒေသတွင်း ချစ်ကြည်ရေး ခရီးစဉ်ကို နိုင်ငံတွေရဲ့ အမည်အက္ခရာစဉ်အတိုင်း သွားရောက်ဖို့ စီစဉ်ထားပေမဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်နဲ့ ပတ်သက်လို့တော့ တစုံတရာ ကြေညာ ပြောဆိုတာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG