သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်အစိုးရဝေဖန်တဲ့ Rap တေး video လူသန်းချီထောက်ခံ


An audience member, second from right, raps with members of Rap Against Dictatorship on stage in Bangkok, Oct. 27, 2018. The group has touched a nerve with an impassioned and now-viral music video lobbing fiery rhymes at the ruling junta.
An audience member, second from right, raps with members of Rap Against Dictatorship on stage in Bangkok, Oct. 27, 2018. The group has touched a nerve with an impassioned and now-viral music video lobbing fiery rhymes at the ruling junta.

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်မှုအပေါ် ပြည်သူတွေအကြား စိတ်ပျက်မှုတွေရှိလာနေပါတယ်။ ဒီအချက် ကိုထင်ရှားစေတာကတော့ Rap Against Dictatorship ဆိုတဲ့ အာဏာရှင်ကိုဆန့်ကျင်တဲ့ Rap အဖွဲ့က အွန်လိုင်းမှာ ဖြန့်ချီခဲ့တဲ့ သီချင်းတပုဒ်ဟာ တမဟုတ်ချင်း အကြီးအကျယ်လူကြိုက်များသွားခဲ့တာပါပဲ။ အဲဒီသီချင်းထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပပေးဖို့တောင်းဆိုထားပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်လာတာ လေးနှစ်ရှိလာပါပြီ၊ နိုင်ငံရေးအရ စုဝေးမှုတွေကို ပိတ်ပင်ထားတဲ့ အပြင် စစ်အစိုးရနဲ့သဘောထားကွဲလွဲသူ၊ ဝေဖန်ဆန့်ကျင်သူမှန်သမျှကိုလည်း အပြင်းအထန်အပြစ်ပေးအရေးယူနေတာ ပါ။ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ရက်နေ့က အင်တာနက်အွန်လိုင်းကတဆင့်ဖြန့်ချိခဲ့တဲ့ Prathet Ku Mee ဆိုတဲ့ Rap သီချင်း ဗီဒီယိုဟာ Youtube ကနေကြည့်ရှုနားဆင်မှုပေါင်း တပါတ်အတွင်းမှာ ၂၃သန်းကျော်သွားခဲ့ပြီး မျှော်လင့်ထားတာ ထက် အဆမတန်အားပေးကြတယ်လို့ ဒီဗီဒီယိုကိုရိုက်ကူးတဲ့ ဒါရိုက်တာ Teerawat Rujinthamက ဗီအိုအေကိုပြောပါ တယ်။ ဒီသီချင်းဗီဒီယိုကိုဖန်တီးကြတဲ့အနုပညာရှင်တွေက ရဲကလာဖမ်းမှာကို ကြောက်ပြီးရှောင်ပုန်းနေမှာမဟုတ်ဘူးလို့ လည်းပြောပါတယ်။ ဒီသီချင်းကိုသီဆိုဖန်တီးကြတာကတော့ Rap Against Dictatorship ဆိုတဲ့အဖွဲ့ပါပဲ။

ဒီတိုင်းပြည်မှာခေါင်းဆောင်တွေက အခွန်အကောက်တွေကို အလကားရထားတဲ့အတိုင်း ဝါးမြိုနေကြတယ်။ လွှတ်တော် ဆိုတာက စစ်သားတွေရဲ့ ကစားကွင်း။ အခြေခံဥပဒေရေးဆွဲထားတာကိုလည်း စစ်ဖိနပ်တွေနဲ့ဖျက်ပြစ်တယ်။ ဒီနိုင်ငံမှာ အနုပညာရှင်တွေဟာ သူပုန်တွေဖြစ်တယ်။

ဒီနိုင်ငံမှာ ငွေရှိရင်လွယ်လွယ်နဲ့လူသတ်လို့ရတယ်။ လည်ပင်းကိုသေနတ်နဲ့ တေ့ခံထားရတယ်။ အမှန်တရားနဲ့ သေနတ်ကျည်ဆန် တခုခုကိုရွေးမှဖြစ်မယ်။ လွတ်လပ်တယ်လို့ပြောနေပေမဲ့လည်း ရွေးချယ်ခွင့်က မရှိဘူး။ ဒီနိုင်ငံမှာ အစိုးရကို ထိလို့မရဘူး။ ရဲတွေကလည်း ဥပဒေကိုသုံးပြီး ပြည်သူတွေကို ခြိမ်းချောက်ကြ တယ်။ ငြိမ်ငြိမ်နေရင်နေ၊ မနေရင် ထောင်ထဲသွား။ နိုင်ငံရေးကလည်း ၂ခြမ်းကွဲ၊ ပြည်သူတွေကလည်း ၂ခြမ်းကွဲ၊ အသတ်ခံ ရရင်တော့ ၂ခြမ်းလုံးခံရတယ်။

"စစ်တပ်ကိုပဲ ကြောက်နေရတဲ့နိုင်ငံ။ သေနတ်နဲ့အုပ်ချုပ်နေတဲ့နိုင်ငံ။ လေးနှစ်ရှိပြီ အခုထိရွေး ကောက်ပွဲ မရှိသေးဘူး။ လူကောင်းတွေ ဘယ်တော့မှ နေရာမရဘူး။ ကိုယ့်ကျင့်တရားကောင်းဖို့ဟောပြောကြပေမဲ့ ပစ်မှု တွေက အီဖလ်မျှော်စင်ထက်တောင်မြင့်နေသေးတယ်။"

Prathet Ku Mee ဆိုတဲ့ သီချင်းခေါင်းစဉ်က မြန်မာလို ငါ့နိုင်ငံဖြစ်ရပုံများလို့ ဆိုရပါလိမ့်မယ်။ ဒီသီချင်းထွက်လာခါစက Rap Against Dictatorship အုပ်စုကိုဖမ်းဆီးဖို့ရဲတပ်ဖွဲ့က ချိန်းချောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လည်း ဒီသီချင်းက ထွက်ပြီးမကြာခင်မှာပဲ အကြီးအကျယ်ပေါက်သွားတာကြောင့် ရဲဖမ်းမယ့်ကိစ္စနောက်ဆုတ်သွားပါ တယ်။ ဒီRap အဖွဲ့ကိုအသရေဖျက်မှုနဲ့တရားစွဲဖို့ နိုင်ငံတော်ဒုရဲချုပ် Srivara Ransibrahmanakul ကအမှုဖွင့်ထားတယ်လို့ ဒေသခံသတင်းမီဒီယာတွေမှာဖေါ်ပြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရဲတပ်ဖွဲ့ကိုဗီအိုအေက ဆက်သွယ် ခဲ့ပေမယ့် လည်း အကြောင်းမပြန်ပါဘူး။ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ ဒီသီချင်းကို သဘောကျထောက်ခံ ကြောင်းပြသတဲ့သူမှန်သမျှ နိုင်ငံအတွင်း အနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေအတွက် တာဝန်ယူရမယ်လို့ အင်္ဂါနေ့ကပြော တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖေါ်ပြပါတယ်။ သူ့ကိုတိုက်ခိုက်တာဆိုရင် သူအနေနဲ့ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်ကိုဆန့်ကျင်တယ်ဆိုရင်တော့ ဒါကမသင့်တော်တဲ့လုပ်ရပ်လို့လည်း ဝန်ကြီးချုပ် ပါရာယွတ်ကပြောပါတယ်။ ချူ လာလောင်ကွန်းတက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခတဦးဖြစ်တဲ့ Thitinan Pongsudhirak ကတော့ ဒီရက်ပ်အဖွဲ့ ရဲ့ဖန်တီးမှုက ထိုင်းပြည်သူတွေရဲ့မွန်းကျပ်မှုကိုထင်ဟပ်စေတယ်လို့ဆိုပါတယ်။

"တကယ်ထိရောက်တဲ့ဖန်တီးမှုပါ။ သူတို့ကိုယ်တိုင်လည်း စိတ်ပျက်နေကြတယ်၊ ထွက်ပေါက်မရှိသလို ခံစားနေရတယ်။ ကိုယ့်ဆန္ဒကိုလည်း ထုတ်ဖေါ်ခွင့်မရဘူးဖြစ်နေတယ်။ ဒါက သူတို့ရဲ့ခံစားချက်တွေပေါက်ကွဲထွက်လာတာပါ။ ရှေ့မှာဆက်ဖြစ်လာ မှာတွေကို ကျနော်တို့မြင်ရလိမ့်ဦးမယ်လို့ထင်ပါတယ်။"

Prathet Ku Mee ဆိုတဲ့ Rap သီချင်းကို အားပေးထောက်ခံကြတဲ့သူတွေထဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva နဲ့ The progressive new future forward Party ရဲ့ခေါင်းဆောင် Thanathorn Juangroongruangkit တို့လည်း ပါဝင်ကြပြီး Rap Against Dictatorship အဖွဲ့ရဲ့ကိုယ့်ဆန္ဒထုတ်ဖေါ်ပိုင်ခွင့်ကို ထောက်ခံကြပါတယ်။ ပါမောက္ခ တီတီနန်ကတော့ ဒီရက်ပ်အဖွဲ့ကိုအားပေးထောက်ခံမှုက ကြီးမားလာနေလို့ ဒီအဖွဲ့ကိုငြိမ်သွားအောင်လုပ်ဖို့တော့လွယ် မယ်မထင်ဘူးလို့ဆိုပါတယ်။

"စစ်အစိုးရတော့ ဒီကိစ္စမှာ အကျပ်ရိုက်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီRap အဖွဲ့ကို သူတို့ကနှိပ်ကွပ်ချင်တယ် ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ တဘက်မှာက ဒီအဖွဲ့ကို သူတို့နှိပ်ကွပ်လိုက်ရင် ရွေးကောက်ပွဲမှာသူတို့အနိုင် ရဖို့အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။ ဒီအဖွဲ့က သိပ်ကိုလူကြိုက်များတဲ့အဖွဲ့ဖြစ်နေပါပြီ။ တကယ်လို့ သူတို့ကိုမနှိပ်ကွပ်ပဲ ဒီအတိုင်းဆက်ပြီးလွှတ်ထားမယ်ဆိုပြန်ရင်လည်း စစ်အစိုးရကိုဆန့်ကျင်တဲ့တခြားအဖွဲ့တွေလှုပ်ရှားမှုတွေကို ဖိတ်ခေါ် လိုက်သလိုလည်းဖြစ်သွားပါလိမ့်မယ်။ ဒီကိစ္စကို စစ်အစိုးရအနေနဲ့ ဘယ်လိုတုန့်ပြန်မလဲဆိုတာက ပြောရခက်ပါတယ်။"

ထိုင်းနိုင်ငံမှာ ၂၀၁၄ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲတွေလုပ်ပေးမယ်ဆိုပြီး အချိန်ဆွဲထားတာအခုချိန် အထိပါပဲ။ အခုလည်း လာမယ့်နှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲတွေကျင်းပမယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ကထပ်ပြီးပြော ထားပါတယ်။ လောလောဆယ်မှာတော့ စစ်အာဏာသိမ်းအုပ်ချုပ်မှုကို မကျေနပ်တဲ့အသံတွေကတော့ အင်တာနက်အွန်လိုင်းမှာ ထင်ထင်ရှားရှားမြင်နေကြားနေရပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG