သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမတော် ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရေး ထိုင်းဘုရင်ခွင့်မပြု


ထိုင်းဘုရင်ရဲ့ အမတော် မင်းသမီး Ubolratana
ထိုင်းဘုရင်ရဲ့ အမတော် မင်းသမီး Ubolratana

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ မတ်လထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ထိုင်းတော်ဝင်မင်းသမီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာခဲ့ပေမယ့် ဘုရင်ရဲ့အမိန့်နဲ့ ပယ်ဖျက်လိုက်ပါတယ်။ ဘုရင် Maha Vajiralongkorn ရဲ့ အမတော်ဖြစ်သူ ရွေးကောက်ပွဲဝင်ဖို့ ရုတ်တရက် ကြေညာလိုက်တဲ့အပေါ်မှာတော့ ထိုင်းလူထုကြား အံ့အားသင့်ခဲ့ကြသလို ကြိုဆိုသူတွေလည်း ရှိခဲ့ကြတာပါ။ ထိုင်းနိုင်ငံရေး နောက်ဆုံး အခြေအနေကိုတော့ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသက် ၆၇ နှစ်အရွယ် တော်ဝင်မိသားစုဝင် Ubolratana Mahidol ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း ကြေညာလိုက်ပေမဲ့လည်း ဘုရင် Maha Vajiralongkorn က အမိန့်ထုတ်ပြန် တားမြစ်လိုက်တဲ့အတွက် ပျက်ပြယ်သွားပါပြီ။ တော်ဝင်မိသားစုဝင်တဦး နိုင်ငံရေးလုပ်တာဟာ မသင့်တော်သလို အခြေခံဥပဒေနဲ့မညီကြောင်း မနေ့နှောင်းပိုင်းမှာပဲ ဘုရင်က အမိန့်ထုတ်ပြန်ခဲ့တာပါ။ Thai Raksa Chart ပါတီကို ကိုယ်စားပြုပြီး မင်းသမီး Ubolratana ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကြေညာလိုက်တဲ့အပေါ်မှာတော့ ဘန်ကောက်မြို့ခံ Tang Boonthet တို့လို ဝမ်းပမ်းတသာ ကြိုဆိုသူတွေလည်း ရှိခဲ့ပါတယ်။

“ကျမတကယ်ပဲ ဝမ်းသာပါတယ်။ အံ့အားလည်းသင့်မိပါတယ်။ သူနိုင်ငံရေးလုပ်မယ်လို့လည်း မထင်ခဲ့မိပါဘူး”

မင်းသမီး Ubolratana ဟာ တော်ဝင်မိသားစုဝင် ဖြစ်ပေမယ့်လည်း လွတ်လပ်ပွင့်လင်းသူ၊ အောက်ခြေသိမ်း နားလည် ဆက်ဆံတတ်သူအဖြစ်နဲ့ လူသိများပါတယ်။ အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် စက်မှု တက္ကသိုလ်မှာ သင်္ချာနဲ့ ဇီဝဓာတု ဘာသာရပ်တွေကို သင်ယူခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ လူထု ကျန်းမာရေး မဟာဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။ ပညာတတ် တဦးလည်းဖြစ်၊ အရည်အချင်း ပြည့်ဝသူလည်း ဖြစ်တာကြောင့် ပါတီကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်းလည်း Thai Raksa Chart ပါတီက ကြေညာခဲ့တာပါ။ ရုတ်တရက် ကြေညာချက်အပေါ် ဘန်ကောက်မြို့က Sarawat Sawangarrom တို့လို ထိုင်းလူထုကြား အံ့အားသင့်ခဲ့ကြပါတယ်။

“အံ့အားသင့်မိပါတယ်။ ဒီလိုဝန်ကြီးချုပ် ရာထူးကို ဝင်ပြိုင်မယ်လို့ ဘယ်သူမှလည်း ထင်မထားမိပါဘူး။”

ဒါပေမယ့်လည်း မင်းသမီး Ubolratana ရွေးကောက်ပွဲမဝင်ဖို့ ဘုရင်ရဲ့ အမိန့်ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ ပါတီကလည်း အမိန့်အတိုင်း လိုက်နာမယ့်အကြောင်း ကြေညာခဲ့တာပါ။ ထိုင်းတော်ဝင်မိသားစုနဲ့ စစ်တပ်ကို လိုလားသူတွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို ထောက်ခံသူတွေကြား နိုင်ငံရေး အားပြိုင်မှုတွေကြောင့် သဘောထားကွဲလွဲမှုတွေ သွေးထွက်သံယို ပဋိပက္ခတွေ ကြုံခဲ့ရဘူးတဲ့ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုဝင် မင်းသမီး ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်တာဟာ သင့်မြတ်ရေးကို ဦးတည်နိုင်မယ်လို့ Wanrada Srikajorn တို့လို ဘန်ကောက်မြို့ခံတွေက မျှော်လင့်ခဲ့ကြတာပါ။

“ဒါက အပြုသဘောဆောင်တဲ့ လုပ်ရပ်ပါ။ ၂ ဘက်ကြားမှာ တဘက်ဘက်ကိုပဲ လူတွေ ရွေးစရာ မလိုတော့ပါဘူး။ အခုဆိုရင် ရွေးချယ်စရာ တခုတိုးလာတဲ့အတွက် ထိုင်းလူထုကြားမှာ နှစ်ပေါင်းများစွာ ရှိနေတဲ့ ပြဿနာတွေအတွက် အဖြေတခုလည်း ဖြစ်လာနိုင်ပါတယ်။”

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin နဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးပါတီကို ကိုယ်စားပြုပြီး ထိုင်းတော်ဝင် မိသားစုဝင်တဦး အစဉ်အလာမဟုတ်ဘဲ ရွေးကောက်ပွဲဝင်ဖို့ ကြေညာလိုက်တဲ့အတွက် ၂၀၁၄ ခုနှစ်တုန်းက အာဏာသိမ်းပြီး လက်ရှိမှာလည်း ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ Prayut Chan-O-Cha ဆက်လက် အာဏာထိန်းချုပ်နိုင်မယ့် အလားအလာတွေကို ထိခိုက်နိုင်တယ်လို့လည်း ခန့်မှန်းခဲ့ကြတာပါ။ စစ်တပ်ရဲ့ ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းထားတဲ့ ပါတီကလည်း ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဝင်ပြိုင် မယ့်အကြောင်း မနေ့တုန်းကပဲ ကြေညာထားပါတယ်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်က လုံခြုံရေးနဲ့ နိုင်ငံတကာလေ့လာရေးဌာနက ပါမောက္ခ Thitinan Pongsudhirak ကတော့ ထိုင်းနိုင်ငံရေး လောကမှာ တုန်လှုပ်ခဲ့ရတဲ့ ကြေညာချက်ကြောင့် မမျှော်လင့်နိုင်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ မြင်ပါတယ်။

“အန္တရာယ်ရော၊ တာဝန်ပါ ကြီးလေးလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ အချိန်မှာ ကြုံလိုက်ရတဲ့ နိုင်ငံရေးရိုက်ခတ်မှုကြီးဟာ တဘက်ဘက်ကို ချနင်းပြီး တခြား တဘက်က အသာစီးရသွားတဲ့ အခြေအနေမျိုးကို ဦးတည်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် နိုင်ငံရေးအရ အစွန်းရောက်တာတွေ၊ သဘောထားကွဲတာ တွေ တွေ့ရမယ့် အလားအလာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒါဟာ လိုအပ်ချက်လည်း ဖြစ်ချင်ဖြစ်နိုင် ပါတယ်။ ဝရုန်းသုန်းကားနဲ့ ပဋိပက္ခတွေ၊ ဥပမာ- တဘက်နဲ့တဘက် အရေးယူတာ၊ ထောင်ချတာတွေမျိုးတွေ ရှိခဲ့တဲ့အတွက် ဒါတွေကို သင်ပုန်းချေနိုင်မယ့် ညီညွတ်ရေး မူဘောင်မျိုး လိုကောင်းလိုနိုင်ပါတယ်။ အသစ်က ပြန်စပြီး ဘက်မျှအောင် လုပ်တာမျိုးပါ။”

၁၉၃၂ ခုနှစ်ကစလို့ စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးလာခဲ့တဲ့ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုတွေထဲက ဝန်ကြီးချုပ်အဖြစ် တခါမှ တာဝန်ယူခဲ့ဖူးတာ မရှိပေမယ့်လည်း နိုင်ငံရေးမှာ သြဇာအရှိန်အဝါ ကြီးမားပါတယ်။ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုဝင်တွေအပေါ် ပုတ်ခတ်စော်ကားမိရင် ထောင်ဒဏ်အပြစ်ပေးခံရနိုင်တဲ့ ဥပဒေလည်း ရှိနေတဲ့အတွက် ဝေဖန်ရေးနဲ့ မကင်းနိုင်တဲ့ နိုင်ငံရေးလောကမှာ ပါဝင်လာတာဟာ မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်နိုင်ပါ့မလား ဆိုတာကလည်း မေးခွန်းတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG