သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြခေါင်းဆောင် ဖမ်းဆီးခံရ


ထိုင်းလယ်သမားများ ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
ထိုင်းလယ်သမားများ ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲရဲ့ ထိပ်တန်းခေါင်းဆောင်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ စုန်သီယံ ချွမ်ရုသနီထန် Sonthiyarn Cheunruethainaitham ကို ထိုင်းနိုင်ငံရဲ့ အရေးပေါ်ဥပဒေကို ချိုးဖောက်တဲ့ ပြစ်မှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အထူးအရေးပေါ်ထုတ်ပြန်ထားတဲ့ ဥပဒေကိုချိုးဖောက်တဲ့ တခြားဆန္ဒပြခေါင်းဆောင်တွေကိုလည်း ဆက်လက်အရေးယူ ဖမ်းဆီးမှာ ဖြစ်တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် တာရစ် ပန်ဒစ် Tharit Pengdit က ပြောဆိုပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ခေါင်းဆောင် ၁၉ ယောက်ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားပြီး ဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

တနင်္လာနေ့ ဘန်ကောက်မြို့ရဲ့ လမ်းမတခုပေါ်က ဆန္ဒပြစခန်းတည်ရှိရာနေရာမှာ ဖြစ်သလိုလုပ်ထားတဲ့ အငယ်စားဗုံး ဒါမှမဟုတ် အကြီးစား မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် သန့်ရှင်းရေးအလုပ်သမား ၆ ယောက် ဒဏ်ရာရရှိသွားပါတယ်။

တနင်္လာနေ့ စောစောပိုင်းတုံးကတော့ ရာနဲ့ချီတဲ့ လယ်သမားတွေဟာ ဘန်ကောက် တရားရေးဝန်ကြီးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အစိုးရရဲ့ အမတော်ကြေးနဲ့ တန်ဖိုးတိုးမြင့်ပေးပြီးဝယ်ယူတဲ့ အစီအစဉ်နဲ့ သူတို့ရောင်းချထားတဲ့ ဆန်တွေအတွက် ငွေပေးချေဖို့ တောင်းဆိုခဲ့ကြပါတယ်။
XS
SM
MD
LG