နှလုံးရောဂါကုသဖို့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အရှေ့အလယ်ပိုင်းဒေသက အမျိုးသား တဦးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ရှာဖွေတွေ့ရှိထား တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ ထိုင်းနိုင်ငံတွင်း ပထမဆုံးတွေ့တဲ့ MERS ရောဂါကူးစက်ခံရသူ ဖြစ်ပါတယ်။ အဲဒီသူမှာ MERS ရောဂါ ကူးစက်ခံထားရတယ်လို့ ဓါတ်ခွဲခန်း နှစ်ခုက အတည်ပြု ထားကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Rajata Rajatanavin က ဒီကနေ့မှာပြောပါတယ်။
အသက် ၇၅ နှစ်အရွယ် အဲဒီလူနာကို ရောဂါထိန်းချုပ်ရေးဌာန အစီအစဉ်နဲ့ သီးခြားခွဲ နေထိုင်စေခဲ့တယ်လို့လည်း သူကဆိုပါတယ်။ သူနဲ့အတူ ခရီးသွားခဲ့တဲ့ မိသားစုဝင် သုံးဦးကိုလည်း အဲဒီ ရောဂါထိန်းချုပ်ရေးဌာန အဆောက်အဦးမှာ ထားရှိပြီး စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် လေယာဉ်ပေါ်မှာ ဒီရောဂါဖြစ်ပွါးသူရဲ့ အနီးအတားမှာ ထိုင်ခဲ့သူတွေ၊ အဌားယာဉ်မောင်းသမားအပါအ၀င် သူတို့နဲ့ ဆက်ဆံခဲ့တဲ့သူတွေကိုလည်း ကျန်းမာရေး အာဏာပိုင်တွေက စောင့်ကြည့်နေ ပါတယ်။
အရှေ့အလယ်ပိုင်းဒေသက သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ ထိုင်းနိုင်ငံကို လာရောက်လေ့ရှိပါတယ်။ MERS ရောဂါကြောင့် တောင်ကိုရီးယား မှာ သေဆုံးသူ ၂၃ ဦးအထိရှိပြီး ရောဂါကူးစက်ခံရသူ ၁၆၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။