သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး ထိုင်းစစ်တပ်ဆွေးနွေး


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသူတွေကြောင့် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေကို အအေးပုလင်းတွေ လာပေးနေသူတစ်ဦး။ (မေ ၂၉၊ ၂၀၁၄)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသူတွေကြောင့် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေကို အအေးပုလင်းတွေ လာပေးနေသူတစ်ဦး။ (မေ ၂၉၊ ၂၀၁၄)
စစ်တပ် အာဏာသိမ်းမှုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကန့်ကွက် ဆန္ဒပြနေကြချိန်မှာပဲ နိုင်ငံအတွက် ရှေ့ဆက်ပြီး ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာတွေကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်သ် ချန်အိုချာ (Prayuth Chan-ocha) ဦးဆောင်တဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေး ကောင်စီက ဆွေးနွေးနေကြပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရဝန်ကြီးဌာနတွေ ပိတ်ထားရပြီး စီးပွါးရေးလုပ်ငန်းတွေကိုပါ ထိခိုက်စေခဲ့တဲ့ လူထုဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွါးခဲ့ပြီးတဲ့နောက် မေလ ၂၂ ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ် အစိုးရအဖွဲ့ရဲ့ လက်ကျန်တွေကိုပါ စစ်တပ်က ဖြုတ်ချခဲ့ပါတယ်။

မစ္စယင်းလပ်ကိုတော့ စစ်တပ်အာဏာမသိမ်းခင် သီတင်း ၂ ပတ်အလိုမှာပဲ အာဏာ အလွဲသုံးစားလုပ်ခဲ့ကြောင်း ထင်ရှားတဲ့အတွက် တရားရုံးတော်က ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

ဈေးဆိုင်တွေရှိရာ ဘန်ကောက်မြို့လယ်က နေရာတွေမှာ လူစုပြီး ဆန့်ကျင်ဆန္ဒပြနေမှုလေးတွေရှိနေဆဲမို့ ဒါတွေ ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ဖို့ စစ်ဘက်နဲ့ ရဲတပ်သား ၅,၇၀၀ ကျော်ကို တနင်္ဂနွေနေ့မှာပဲ စစ်ကောင်စီက ချထားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အာဏာသိမ်းခဲ့ချိန်ကစပြီး လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ အမိန့်ကို ထုတ်ထားခဲ့တာပါ။

နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေး ကောင်စီက နိုင်ငံရေးအဖွဲ့အစည်းတွေကြား ပြန်လည်သင့်မြတ်စေမယ့် အခြေခံ အချက်တွေကို ချမှတ်ဖို့ တနင်္လာနေ့ ဆွေးနွေးပွဲမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှုတွေ အဆုံးသတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့နဲ့ ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေ အားလုံးကို ပြန်လွှွတ်ပေးဖို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တောင်းဆိုနေတာဖြစ်ပါတယ်။
XS
SM
MD
LG