သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းက မြန်မာ ဒုက္ခသည်တွေ အဆောတလျင် ပြန်ပို့ဖွယ် မရှိ


ိထိုင်-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)
ိထိုင်-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)

ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရာ မှာ ဘေးကင်း လုံခြုံပြီး၊ သိက္ခာရှိရှိ အခြေအနေတွေ ရှိမှ ဖြစ်မယ်လို့ ထိုင်းအစိုးရက ပြောလိုက်ပါတယ်။ ဒုက္ခသည်တွေ ရေရှည်ပြန်လည် အခြေချ နေထိုင်နိုင်ရေးအတွက် သက်ဆိုင်သူတွေ အားလုံးအပြင်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နောက်ထပ် ဆွေးနွေး တိုင်ပင်မှုတွေ လုပ်ဖို့ လိုမယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတွင်းက ဒုက္ခသည် စခန်း ၉ ခုမှာ နှစ်ပေါင်း ၃၀ လောက် ခိုလှုံနေကြတဲ့ ခန့်မှန်းခြေ ဒုက္ခသည် ၁ သိန်း ၃ သောင်းလောက်နဲ့ ပတ်သက်လို့ မကြာသေးခင်တုန်းက ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စိုးရိမ်မကင်းသံတွေ ထွက်ပေါ်နေချိန်မှာပဲ ထိုင်းအစိုးရရဲ့ ရှင်းလင်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ဒီလဆန်းထဲက ထိုင်းနိုင်ငံကို အလည်အပတ်ရောက်လာတဲ့ မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha တို့ကြား ဒုက္ခသည်အရေး ဆွေးနွေးမှုတွေဟာ သာမန်သဘောသာဖြစ်ပြီး၊ အချိန်ကာလ အတိအကျ သတ်မှတ်ထားတာမျိုး မရှိတဲ့အကြောင်း ဖော်ပြခဲ့တာပါ။

ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ရေး အစီအစဉ်တွေကို တနှစ်အတွင်း အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတဲ့အကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ရာမှာတော့ ဒုက္ခသည်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။

အထူးသဖြင့် ဒုက္ခသည်တွေ အများစုရဲ့ နေရပ်ရင်း ဒေသတွေမှာ မြေမြှုပ်မိုင်း အန္တာရာယ်တွေ၊ လက်နက်ကိုင် ပဋိပက္ခတွေလို ဘေးကင်းလုံခြုံမှု မရှိသေးတဲ့ အခြေအနေနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှု အပြည့်အ၀ မရှိသေးတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး စိတ်မချရသေးဘူး လို့ ထောက်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG