သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွပ်စွဲခံမြန်မာ ၂ ဦး ညှဉ်းဆဲခံရမှုတင်ချက် ထိုင်း DSI လက်ခံ


ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၂ ဦး (Photo Citizen Journalist)
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၂ ဦး (Photo Citizen Journalist)

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်တွေနဲ့ ပတ်သက်လို့ နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတယ်ဆိုတဲ့ အချက်အလက်တွေ တွေ့ရှိရတဲ့အတွက် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို ထိုင်းရှေ့နေများကောင်စီက ရှေ့နေ ၂၀ ဦး ပါဝင်တဲ့အဖွဲ့နဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်တိုင်ကြားခဲ့ပါတယ်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကလည်း အမှုကို လက်ခံခဲ့ပါတယ်။ ဒီအတွက် လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို အစကနေ ပြန်စစ်ဆေးဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြစ်အပြီး စွပ်စွဲခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့တို့က တရားခံတွေဟာ နှိပ်စက်ညှဉ်းပန်းခံရတာကြောင့် ထွက်ဆိုခဲ့ရကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမှုတွေအတွင်း နှိပ်စက်ညှဉ်းပန်းခံရတယ်လို့ ပြောဆိုတဲ့အတွက် ထိုင်းရဲတွေကို မေးမြန်းဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းရဲတပ်ဖွဲ့က လာရောက်ခြင်း မရှိတဲ့အတွက် ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မြန်မာသံရုံးကိုယ်စားပြု လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။

“ကျနော်တို့ အမှုနဲ့ပတ်သက်လို့ စတင်ပြီးတော့ စစ်တဲ့အချိန်တုန်းက စွပ်စွဲခံရတဲ့ ကလေးနှစ်ယောက်မှာ ရိုက်နှက်စစ်ဆေးတယ်ဆိုတဲ့ အကြောင်းအရာတွေ ပေါ်လွင်ပါတယ်။ ဒါကိုပဲ ကျနော်တို့ ရှေ့နေများကောင်စီကနေ အကျဉ်းဦးစီးဌာနကို သွားကြည့်တဲ့ အခါမှာသော်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီအနေနဲ့ သွားပြီးတော့ အကျဉ်းထောင်မှာ သွားကြည့်တဲ့ အခါမှာသော်လည်းကောင်း ပေါ်လွင်နေပါတယ်။ အဲ့လို ပေါ်လွင်တဲ့အချက်တွေကို မိဘများတွေနဲ့အတူတူ တခါ အကျဉ်းဦးစီးဌာနကို သွားတွေ့တဲ့အခါမှာလည်း ဒီအချက်က ထပ်မံ ပေါ်လွင်ပါတယ်။ အဲ့လိုပေါ်လွင်တဲ့ အချက်တွေကို ကျနော်တို့က ရဲရဲ့ရှေ့မှာ မေးမြန်းပြီးတော့ ဒါကိုပဲ အစည်းအဝေးကို ရဲအနေနဲ့ တက်ရောက်လာခြင်း မရှိပါဘူး။ မရှိတဲ့အခါကျတော့ ရိုက်နှက်စစ်ဆေးလို့ မရဘူးဆိုတဲ့ ထိုင်းသက္ကရာဇ် ၂၅၄၇ ခုနှစ်က အပြည်ပြည်ဆိုင်ရာစာချုပ်မှာ စွပ်စွဲခံရသူတွေကို ရိုက်နှက်စစ်ဆေးခြင်းမပြုရ ဆိုတဲ့ဟာကို လက်မှတ်ရေးထိုးထားတာ ရှိပါတယ်။ အဲ့ဒီအချက်က ပျက်ကွက်နေတယ်။ ပျက်ကွက်တဲ့အခါကျတော့ ကျနော်တို့က ဒီဟာကို အမှုမှန်ဖြစ်နိုင်ရေးအတွက် ဒီအမှုကို DSI အနေနဲ့ အထူးအဖွဲ့ ဖွဲ့စည်းပြီးတော့ အမှုကို အစကနေ ပြန်စစ်ဆေးပေးပါဆိုပြီးတော့ ကျနော်တို့ တင်ပြခဲ့တာပါ။ လက်ခံလိုက်ပါတယ်ခင်ဗျ။ မနေ့က လက်ခံလိုက်ပါတယ်။”

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI အနေနဲ့ လုပ်ဆောင်တာကတော့ အထူးစုံစမ်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငွေကြေးဆိုင်ရာ အငြင်းပွားမှုကိစ္စတွေ စာရွက်စာတမ်းဆိုင်ရာ အတုလုပ်မှုတွေကို စစ်ဆေးတာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်တာတွေကို စစ်ဆေးတာတွေ လူကုန်ကူးခံရမှုနဲ့ ပတ်သက်လို့ တိုင်ကြားတာရှိရင် သွားရောက် စံုံစမ်းစစ်ဆေး ဖမ်းဆီးတာတွေ လုပ်လေ့ရှိပါတယ်။

DSI အနေနဲ့ တိုင်ကြားတဲ့အမှုတိုင်းကို သေချာစိစစ်ပြီးမှသာ လက်ခံတာဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုဟာ စစ်ဆေးစဉ်မှာ နှိပ်စက်ညှဉ်းပန်းတာကြောင့် ထွက်ဆိုရတယ်ဆိုတဲ့အပေါ်မှာ ဒီအမှုကို ချက်ချင်းပဲလက်ခံကြောင်း အကြောင်းပြန်စာပါ တခါတည်းပေးခဲ့တယ်လို့ ဆိုပါတယ်။ DSI ကနေ လက်ခံစစ်ဆေးမယ်ဆိုရင် ဒီအမှုဟာ အစကနေ ပြန်လည် စစ်ဆေးဖွယ်ရှိတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“တင်ပြလာတဲ့ အကြောင်းအရာကို သူတို့ စိစစ်ပါတယ်။ စိစစ်ပြီးတော့ လက်ခံတာရှိသလို၊ လက်မခံတာလည်း ရှိပါတယ်။ တကယ်လို့ DSI က လက်ခံလို့ ကျနော်တို့ပြောတဲ့အတိုင်း လုပ်ပေးမယ်ဆိုရင် ဒီကလေးတွေကို အမှုက အစက ပြန်စစ်ရမှာပါ။ အဲ့ဒီအခါမှာ ကလေးတွေ အမှုကိုစစစ်တာမှာ ရိုက်နှက်ပြီးတော့ ကျူးလွန်ပါတယ်ဆိုတဲ့အချက်တွေက ပျက်သွားပြီးတော့ အခုအချိန်မှာ အစကနေပြီးတော့ ကလေးတွေက အမှန်အတိုင်း ထွက်ဆိုလာမှာပါ။ အဲ့ဒီအခါ အမှုက အမှန်အတိုင်း ပေါ်ပေါက်လာမယ်လို့ ကျနော်တို့ သိရပါတယ်။”

ကေ့ာစမွေအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအနေနဲ့ သူတို့ကို အာမခံပေးမယ့်သူတွေ ရှိပေမဲ့ သူတို့ရဲ လုံခြုံရေး အခြေအနေတွေကြောင့် မြန်မာသံရုံးဘက်က ပြန်လည် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေအရ သူတို့ကို ရက်ပေါင်း ၈၀ ကျော်သာ ချုပ်နှောင်ထားခွင့်ရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အမှုကို ပြန်လည် စစ်ဆေးမယ်ဆိုရင် သက်ဆိုင်ရာရှေ့နေတွေကို DSI က အကြောင်းကြားမှာဖြစ်ပြီး ဘယ်အချိန် အကြောင်းကြားမယ် ဆိုတာကိုတော့ DSI က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။

ကော့တောင်ကျွန်း လူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့ပြီး ၂ ပတ်ကျော်အကြာမှာ မြန်မာလူငယ်တွေကို တရားခံတွေအဖြစ် ထိုုင်းရဲတွေက စွပ်စွဲခဲ့တာဖြစ်ပါတယ်။ မြန်မာလူငယ်တွေကတော့ အစပိုင်းမှာ သူတို့သတ်ပါတယ်လို့ ဝန်ခံခဲ့ရပေမဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်တွေ၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ထိုင်းရှေ့နေများကောင်စီက သွားရောက် စစ်ဆေးမေးမြန်းတဲ့ အခါမှာတော့ နှိပ်စက်ညှဉ်းပန်းပြီး ထွက်ဆိုခိုင်းတာကြောင့် ဝန်ခံရပါတယ်လို့ ပြောဆိုကာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

XS
SM
MD
LG