သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် လုံခြုံရေး အခြေအနေ ထိုင်းနိုင်ငံ စောင့်ကြည့်


မြန်မာနယ်စပ် လုံခြုံရေး အခြေအနေ ထိုင်းနိုင်ငံ စောင့်ကြည့်
မြန်မာနယ်စပ် လုံခြုံရေး အခြေအနေ ထိုင်းနိုင်ငံ စောင့်ကြည့်

အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံထဲက လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အနီးကပ် လေ့လာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရ အနေနဲ့ သတိနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မယ်၊ ပြေပြေလည်လည် ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်တယ် ဆိုပြီးတော့လည်း ဗွီအိုအေကို ပြောပါတယ်။ ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ပန်နိတန် ဝါထနာယာဂွန် (Panitan Wattanayagorn) ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

ထိုင်းအစိုးရ အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းက အခြေအနေတွေ၊ ၂ နိုင်ငံ နယ်စပ်တလျှောက်က လုံခြုံရေး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တင်းမာမှုတွေ ရှိနေချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ တခြားတခြားသော ခေါင်းဆောင်တွေအကြား မတူညီမှုတွေကို ပြေပြေလည်လည် ညှိနှိုင်း ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ထိုင်းအစိုးရရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာ ပန်နိတန် ဝါထနာယာဂွန်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တခြား ခေါင်းဆောင်တွေကြားမှာ ပြေပြေလည်လည် ဆွေးနွေးကြပြီးတော့ တိုင်းပြည် ရှေ့ဆက် လျှောက်လှမ်းဖို့အတွက် ညှိနှိုင်း အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

အခုဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်၊ မြန်မာ နယ်စပ်မှာ KIA ကချင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ထိုင်း၊ မြန်မာနယ်စပ် ရှမ်းပြည်နယ် အတွင်းမှာလည်း ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းက တပ်ဖွဲ့တွေဟာ SSA တောင်ပိုင်းအဖွဲ့နဲ့ ပူးပေါင်းလိုက်ပြီး ဒေသတွင်းမှာ တင်းမာမှုတွေ ရှိနေတာပါ။

ကရင်ပြည်နယ်အတွင်းမှာ ဆိုရင်လည်း DKBA ခွဲထွက် အဖွဲ့ဝင်တွေဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ KNLA တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နောက်ထပ် ထိုင်း၊ မြန်မာနယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ် အတွင်းမှာတော့ ဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်နက်တွေကို ပြန်အပ်ဖို့ အစိုးရက ဖိအားပေးတာတွေ ရှိနေတဲ့အတွက် မကျေနပ်မှုတွေ ဖြစ်နေပါတယ်။

ထိုင်းအစိုးရ အနေနဲ့ နယ်စပ်ဒေသ တလျှောက်က အေးချမ်းတည်ငြိမ်မှုကို မြန်မာအစိုးရ အနေနဲ့ ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းကိုလည်း ဒေါက်တာ ပန်နိတန်က အခုလို ဆက်ပြောပါတယ်။

“ထိုင်း၊ မြန်မာ နှစ်နိုင်ငံ နယ်စပ်က အခြေအနေ ဆက်လက် တည်ငြိမ်နေအောင် ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နယ်စပ်ဒေသက အခြေအနေတွေကို အမြဲတမ်း အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံအတွင်းက လုံခြုံရေး အခြေအနေတွေကို သတိနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီဒေသတလျှောက်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မပျက်ပြားအောင် ထိန်းထားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းတွေကို မလုပ်ဖို့ မကြာခင်က ပြည်ထဲရေး ဝန်ကြီးဌာနက နှိုးဆော် သတိပေးထားခဲ့တဲ့အပေါ် ထိုင်းနိုင်ငံရဲ့ သဘောထားကို မေးမြန်းကြည့်ရာမှာတော့ ...

“မြန်မာအစိုးရရဲ့ ဆုံးဖြတ်မှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေရေးရာကိစ္စ ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ မှတ်ချက်ပေးဖို့ရာ မရှိပါဘူး။ တခုပဲရှိတာက မြန်မာအစိုးရ အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိစ္စကို အရှိန်အဟုန်မပျက် ဆက်ပြီးတော့ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

ထိုင်းအစိုးရရဲ့ ပြောခွင့်ရသူ ဒေါက်တာ ပန်နိတန် ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ငန်း ဟန့်တားမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက စိုးရိမ်မှု ရှိတဲ့အကြောင်း ထုတ်ဖော် ပြောဆိုကြသလို မြန်မာနိုင်ငံဘက်က လိုလားနေတဲ့ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးနဲ့ သင့်လျော်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေကလည်း ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဒေါက်တာ ပန်နိတန်က...

“ဒါကတော့ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆိုင်ပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးတော့ နိုင်ငံ့ခေါင်းဆောင်တွေကို အစီရင်ခံရပါတယ်။ အာဆီယံက ချမှတ်လိုက်တဲ့အတိုင်း ကျနော်တို့က လုပ်ဆောင်မှာပါ။ အခုချိန်မှာတော့ ဘာမှ အထူးအထွေ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ထင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေအပေါ် ထိုင်းအစိုးရဘက်က အမြင်သဘောထားတွေကို ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ပန်နိတန် ဝါထနာယာဂွန်က ဗွီအိုအေကို ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG