သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်မှာ ဒေါ်စုနဲ့တွေ့ဖို့ မသေချာ


ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်မှာ ဒေါ်စုနဲ့တွေ့ဖို့ မသေချာ

မစ်စ် ယင်လတ် (Yingluck Shinawatra) ရဲ့ ရှေ့လဆန်း မြန်မာနိုင်ငံ ခရီးစဉ်ထဲမှာ မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းဝန်ကြီးချုပ်ရုံးက ဆိုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရုံး အရာရှိတွေကပဲ နေ့တ၀က်ပဲ သွားမယ့် ဒီခရီးစဉ်ထဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ မူးယစ်ဆေးဝါး နှိမ်နင်း တားဆီးရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီခရီးစဉ်ဟာ ၀န်ကြီးချုပ်သစ် ယင်လတ်အတွက်တော့ ၀န်ကြီးချုပ် ဖြစ်လာအပြီး မြန်မာနိုင်ငံကိုသွားမယ့် ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းရော မြန်မာပါ အဖွဲ့ဝင်တွေ ဖြစ်နေတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဆိုရင်တော့ မြန်မာနိုင်ငံကို ဆဋ္ဌမမြောက်အဖြစ် သွားတာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ယင်လတ်ဟာ ဘရူနိုင်းနိုင်ငံကို ပထမဆုံး သွားခဲ့ပြီး နောက် အင်ဒိုနီးရှား၊ ပြီးတော့ အိမ်နီးချင်းတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအို၊ စုစုပေါင်း ၄ နိုင်ငံကို ဒီလထဲမှာ သွားခဲ့ပါတယ်။ ရှေ့လဆန်းမှာတော့ အိမ်နီးချင်း နောက်တနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံကို သွားပြီးမှ မြန်မာနိုင်ငံကိုသွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး နိုင်ငံခြားရေးဌာန ဒါရိုက်တာ နာတာလီယာ ထာဝီဝေါင်း (Natalia Thaweevong) က ဆိုပါတယ်။

“နောက်ခရီးစဉ်ကတော့ မြန်မာနိုင်ငံကို သွားမှာပါ။ အောက်တိုဘာ ၅ ရက်ဖြစ်မလား၊ ၇ ရက်ဖြစ်မလား ဆိုတာတော့ မသေချာသေးပါဘူး။ နောက်ဆုံး အတည်ပြုချက်ရဖို့ စောင့်နေပါတယ်။ ဒါပေမဲ့ ခရီးစဉ်ကတော့ နေ့တ၀က် ခရီးစဉ်ပါပဲ။”

ဒါရိုက်တာ နာတာလီယာကပဲ မြန်မာနိုင်ငံ ခရီးစဉ်ထဲမှာ မြန်မာသမ္မတသစ် ဦးသိန်းစိန်နဲ့ အဓိက တွေ့ဖို့ရှိပြီး အဓိက ဆွေးနွေးမယ့် ကိစ္စတွေကို အခုလို ပြောသွားပါတယ်။

“ယေဘုယျအားဖြင့်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေမှာ တိုးမြှင့် ဆောင်ရွက်ဖို့ပါ။”

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် အနေနဲ့ ဒီခရီးစဉ်ထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိပါသလားလို့ မေးတာကိုတော့ နာတာလီယာကပဲ အခုအချိန်ထိတော့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

“အခုအချိန်ထိကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ် မရှိသေးပါဘူး။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်သစ် တွေ့ဖို့ အတည်ပြုတာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက ၀ါရင့် သတင်းအယ်ဒီတာ ကာဝီ ချိုကီတ၀န်းကလည်း ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယင်လတ် တွေ့ဖို့ အလားအလာ မရှိဘူးလို့ ထောက်ပြလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့မယ်လို့ ကျနော်တော့ မထင်ပါဘူး။ သူ့အနေနဲ့ ဒီကိစ္စမှာ စိတ်ဝင်စားပုံ မပြခဲ့ဘူးလေ။”

အဲဒီတော့ ထိုင်းဘက်က ဒီခရီးစဉ်မှာ ဘာတွေ အဓိကထား ဆွေးနွေးဖို့ ဖြစ်နိုင်ပါသလဲလို့ မေးရာမှာတော့ ကာဝီက အဓိက ကိစ္စကြီး ၃ ခု ဖြစ်နိုင်တယ်လို့ အခုလို ဆိုပါတယ်။

“အရေးအကြီးဆုံး ကိစ္စတခုကတော့ ထိုင်းနယ်စပ်တလျှောက်က အခြေအနေပါ။ အဲဒီမှာ လုံခြုံရေးနဲ့ လူတွေ ရွှေ့ပြောင်းလာနေတဲ့ ကိစ္စတွေပေါ့။ ဒုတိယကလည်း အရမ်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းရော မြန်မာရောကပါ အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တာမို့ ထိုင်းအနေနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌလုပ်မယ့် ကိစ္စကို ဆွေးနွေးဖို့ များပါတယ်။ တတိယ အနေနဲ့ကတော့ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ အလားအလာကိုလည်း ဆွေးနွေးကြပါလိမ့်မယ်။”

ရေပန်းစားနေတဲ့ မြန်မာနိုင်ငံက ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌလုပ်မယ့် ကိစ္စကို ထိုင်းနိုင်ငံက ဘယ်လိုသဘောထား ပေးနိုင်ပါသလဲ ဆိုတာကိုတော့ ကာဝီကပဲ…

“ကျနော်ထင်ပါတယ်၊ ထိုင်းအနေနဲ့ မြန်မာက အာဆီယံ ဥက္ကဋ္ဌ လုပ်မှာကို ထောက်ခံမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကို အာဆီယံထဲမှာ နေသားတကျဖြစ်အောင် အထောက်အကူပြုမှာ မို့လို့ပါ။”

ကာဝီကပဲ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနယ်စပ်ဆိုင်ရာ ပေါ်လစီကို မပြောင်းဘဲ ပူးပေါင်း ဆောင်ရွက်ရေး ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်း တိုဝစ်ချိုင်ကူးလ် (Surapong Tovichakchaikul) ကတော့ နယူးယောက်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ရာမှာ မြန်မာအစိုးရ အနေနဲ့ မဲဆောက်တံတား ပြန်ဖွင့်ပေးဖို့ ဖြစ်နိုင်ချေရှိကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

အယ်ဒီတာ ကာဝီကတော့ ဒီ နယ်စပ်ကုန်သွယ်ရေးတွေအပြင် စွမ်းအင်ကဏ္ဍမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်တာတွေကိုလည်း ဆွေးနွေးနိုင်သေးတယ်လို့ ဆက်ပြောပါတယ်။ ကာဝီကပဲ ယင်လတ် အစိုးရသစ် လက်ထက်မှာ ထိုင်း၊ မြန်မာ ဆက်ဆံရေးဟာ သူမအကို တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) လက်ထက်တုန်းကလိုပဲ ဆက်ဆံရေး ပိုကောင်းလာနိုင်တယ်၊ အထူးသဖြင့် စီးပွားရေး အဓိကထားပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ဦးစားပေးမယ့် နိုင်ငံခြား ပေါ်လစီကို အရင်လိုပဲ ကျင့်သုံးသွားနိုင်တယ်လို့ ဆိုပါတယ်။

ယင်လတ်ရဲ့အကို ၀န်ကြီးချုပ် တပ်ခ်ဆင် လက်ထက်တုန်းကလည်း သူ အာဏာရလာအပြီးမှာ နယ်စပ်ပြဿနာတွေ တင်းမာနေခဲ့တာမို့ မြန်မာနိုင်ငံကို ဦးစားပေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်ပေးကာ နယ်စပ်တံတားတွေကို ပြန်ဖွင့်ပေးနိုင်ခဲ့ပါတယ်။

XS
SM
MD
LG