သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ် ရွှေ့ဆိုင်း


ရှေ့လဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) ဟာ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ဝန်ကြီးချုပ်တာဝန် ယူစဉ်ကစလို့ အိမ်နီးချင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ် ဖျက်သိမ်းခဲ့တာ ဒါနဲ့ပါဆိုရင် နှစ်ကြိမ် ရှိသွားပါပြီ။

ခရီးစဉ် ဖျက်ရတာဟာ အချိန်အခက်အခဲကြောင့် ဖြစ်ပြီး မကြာသေးခင်က မြန်မာအာဏာပိုင်တွေနဲ့ တင်းမာမှုတွေကြောင့် နယ်စပ်ဂိတ်တွေ ပိတ်ထားရတဲ့ ကိစ္စနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ထိုင်းအစိုးရ ပြောခွင့်ရသူ ပန်နိတန် ဝါတန်ရာဂွန်ကို ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဒီလလယ်ပိုင်းမှာပဲ ၂ နိုင်ငံကြားက သောင်ရင်းမြစ်ထဲမှာ ထိုင်းနိုင်ငံဘက်က ရေထိန်း ကွန်ကရစ်နံရံတွေကို တည်ဆောက်နေတာကို မြန်မာအာဏာပိုင်တွေက ကန့်ကွက်ရာက မပြေမလည် အခြေအနေတွေနဲ့ ကြုံခဲ့ရတာပါ။ ဒီနောက်မှာတော့ မြန်မာဘက်က နယ်စပ်ဂိတ်ဖြစ်တဲ့ မြဝတီနဲ့ မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပစ်ခဲ့တာပါ။

ဒီလို တံတားပိတ်လိုက်တဲ့အတွက် ကုန်သွယ်မှုတွေမှာ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် နေ့စဉ် ထိုင်းဘတ်ငွေ သန်း ၅၀ လောက် ဆုံးရှုံးနေရတဲ့အကြောင်း တပ်ခ်ခရိုင် ကုန်သည်ကြီးများ အသင်းကလည်း ဒီတပတ်ထဲမှာပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ဒီတကြိမ် ခရီးစဉ်မတိုင်မီ ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ခဲ့ဘူးပေမဲ့ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန် နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့ရာက အမှုအခင်းတွေ ဖြစ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာမို့ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG