ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) ဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို တရက်ကြာ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။
မစ္စတာ အဘီဆစ်ဟာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေတွေ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထား၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနဲ့ မြန်မာ နယ်စပ်ဒေသကိစ္စ ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တံတားတည်ဆောက်ရေး ကိစ္စတွေ အပါအဝင် တခြားကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန် (Kasit Piromya) ပြောတာကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အစိုးရက မကြာခင်ကမှ စတင် အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ အစိုးရပိုင် စီးပွားရေး လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပြီး တံခါးဖွင့်ဝါဒ ကျင့်သုံးလာနေတဲ့ ကိစ္စတွေ အပေါ်မှာ ထိုင်းအစိုးရ အနေနဲ့ လေ့လာလိုတဲ့အကြောင်း၊ ဘယ်လုပ်ငန်း နယ်ပယ်တွေမှာ ထိုင်းပုဂ္ဂလိက ကုမ္ပဏီတွေ ဝင်ရောက် လုပ်ကိုင်နိုင်မလဲ ဆိုတာနဲ့ စီးပွားရေးလုပ်ငန်း နယ်ပယ်မှာ ပူးပေါင်းလုပ်ဆောင်ဖို့ ထိုင်းဘက်က အဆင်သင့်ရှိတယ် ဆိုတာကို ပြသလိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန် ပြောတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ကိုးကား ဖော်ပြထားပါတယ်။