သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ မြန်မာ နယ်စပ်ဂိတ် ပြန်ဖွင့်နိုင်မယ့် အလားအလာ မရှိသေး


ထိုင်း၊ မြန်မာ နယ်စပ်ဂိတ် ပြန်ဖွင့်နိုင်မယ့် အလားအလာ မရှိသေး

ပိတ်ထားတာ နှစ်နဲ့ချီ ကြာမြင့်ပြီဖြစ်တဲ့ ထိုင်း၊ မြန်မာ နယ်စပ် မြ၀တီ ကုန်သွယ်ရေးဇုန်ကို လတ်တလော ပြန်ဖွင့်ဖို့ မရှိသေးဘူးဆိုပြီး စီးပွားရေးဝန်ကြီးက လွှတ်တော်မှာ ပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်ဂိတ်တခုဖြစ်တဲ့ မြ၀တီ ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့တဲ့နှစ်က စပြီး ပိတ်ပင်ထားခဲ့တာကို ပြန်ဖွင့်ပေးဖို့ ရှိမရှိ ဒီကနေ့ မြ၀တီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ မေးမြန်းခဲ့တာမှာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး အခြေအနေတွေ ပြန်လည် ကောင်းမွန်လာမှပဲ မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို ပြန်ပြီးဖွင့်မယ်လို့ စီးပွားရေးဝန်ကြီးက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ် မြ၀တီ ကုန်သွယ်ရေးဇုန်ကို မြန်မာဘက်က ပိတ်ထားခဲ့တာ နှစ်နဲ့ချီ ကြာမြင့်လာပြီးတဲ့နောက် ဘယ်အချိန်မှာ ပြန်ဖွင့်နိုင်မလဲ ဆိုတာကို ဒီကနေ့ မြ၀တီမြို့ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ ပြည်ထောင်စု စီးပွားရေးဝန်ကြီး ဦးဝင်းမြင့်က မြ၀တီ နယ်စပ်ကို ပြန်ဖွင့်ဖို့ ဆိုတာမှာ လမ်းပန်းဆက်သွယ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး ကိစ္စတွေအပြင် ပိတ်ထားခဲ့တာ ကြာနေပြီ ဖြစ်တဲ့အတွက် ကုန်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦးတွေ ပြန်ပြီး ပြုပြင်ဖို့ လိုအပ်နေသေးတယ်ဆိုပြီး ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆောင်ဆီက အခုလို ပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေး၊ အခုဟာ မိုးတွင်းလည်း ဖြစ်တယ်၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတော့ အမှန်ပဲ။ အဲဒါ တချက်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးပေါ့ဗျာ၊ အဲဒါ တချက်ပါတယ်။ နောက် နယ်စပ် လုံခြုံရေး အခြေအနေတွေ၊ ပြီးတော့ ပိတ်ထားတာ ၂ နှစ်လောက်ရှိပြီဆိုတော့ Infrastructure တွေလည်း လိုမှာပေါ့။ မြ၀တီက လွှတ်တော်ကိုယ်စားလှယ်က မေးမှ ကျနော်တို့လည်း သိရတာ။”

ထိုင်း၊ မြန်မာ နယ်စပ်က ကုန်သွယ်ရေး အချက်အချာကျတဲ့ မြ၀တီ ကုန်သွယ်ရေးဇုန်ကို ဖျက်သိမ်းလိုက်တဲ့ စစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ အတွင်းက တရားဝင် ညွှန်ကြားစာနဲ့ ပိတ်ထားခဲ့တာ အခုချိန်ထိ ဖြစ်ပါတယ်။

မြ၀တီ နယ်စပ်ဂိတ်ဟာ မြန်မာနိုင်ငံရဲ့ နယ်စပ် ကုန်သွယ်ရေး ဇုန်တွေထဲမှာ တရုတ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ပြီးရင် ဒုတိယ အကြီးဆုံး ကုန်သွယ်ရေးဇုန် ဖြစ်ပါတယ်။ ဒီ မြ၀တီ နယ်စပ် ကုန်သွယ်ရေးဇုန်ကို ကြာရှည် ပိတ်ပင်ထားတာကြောင့် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သည်တွေနဲ့ ဒေသခံတွေ စီးပွားရေး ထိခိုက်နေကြတာလည်း ဖြစ်ပါတယ်။ တနင်္လာနေ့က လွှတ်တော်မှာတော့ မြ၀တီ နယ်စပ် ကုန်သွယ်ရေးဇုန်ကို ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ အစိုးရသစ်မှာ တိတိကျကျ သတ်မှတ်ထားတာ မရှိသေးဘူးဆိုပြီး စီးပွားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးရဲ့ လယ်ယာမြေ ဥပဒေကြမ်းကိုလည်း ဆွေးနွေးကြတယ်လို့ ပြည်သူ့လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“လယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြမ်းတခုကို ဟင်္သာတ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက တင်ထားပါတယ်။ အဲဒီဥပဒေကြမ်းကို ဥပဒေကြမ်း ကော်မတီက ဆွေးနွေးတာတို့ပေါ့လေ၊ အဲဒီဥပဒေ စကားရပ်တွေ၊ အဲဒါမျိုးကို ဒီနေ့ စပြီး ဆွေးနွေးတာပါ။ အပြီးထိ ဆွေးနွေးမှာ မနက်ဖြန်လောက်မှ ဘယ်အချက်တွေမှာ ထူးခြားတယ်၊ ဘယ်အချက်တွေမှာ ပြောင်းလဲသွားတယ်ဆိုတာ သိမှာပါ။ ဒီနေ့ စာမျက်နှာ ၂ မျက်နှာ၊ ၃ မျက်နှာလောက်ပဲ ဆွေးနွေးလိုက်တော့ စကားရပ်တွေ၊ စကားဖွင့်တဲ့ အဓိပ္ပာယ်တွေ၊ အဲဒါတွေနဲ့ပဲ ပြီးသွားတာပါ။ မနက်ဖြန်လောက်မှ သိမှာပါ။”

လယ်ယာမြေ ဥပဒေကြမ်းကိုတော့ အင်္ဂါနေ့ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ဆက်ပြီး ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

XS
SM
MD
LG