သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံဒေသထွက် စိတ်ကြွဆေးပြား ၁၀ သန်း ထိုင်းဖမ်းဆီး 


ထိုင်း-မြန်မာ-လာအိုဝ် ဆုံရာရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၁၀ သန်းကို နကွန်စဝမ်ခရိုင်ထဲမှာ မတ်လ ၁၁ ရက်နေ့က ကုန်တင်ကားနဲ့သယ်လာစဥ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်း-မြန်မာ-လာအိုဝ် ဆုံရာရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၁၀ သန်းကို နကွန်စဝမ်ခရိုင်ထဲမှာ မတ်လ ၁၁ ရက်နေ့က ကုန်တင်ကားနဲ့သယ်လာစဥ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်း-မြန်မာ-လာအိုဝ် ဆုံရာရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား ၁၀ သန်းကို နကွန်စဝမ်ခရိုင်ထဲမှာ မတ်လ ၁၁ ရက်နေ့က ကုန်တင်ကားနဲ့သယ်လာတုန်း ဖမ်းမိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၂,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၇ သန်းကျော်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပေးပို့ထားပါတယ်။

ထိုင်းမြောက်ပိုင်းကနေ ထိုင်းနိုင်ငံအတွင်းပိုင်း နကွန်စဝမ်ခရိုင်ထဲကိုလာတဲ့ ကုန်တင်ကားပေါ်မှာ စိတ်ကြွဆေးပြား ၁၀ သန်းကို မတ်လ ၁၁ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စိတ်ကြွဆေးပြား ၁၀ သန်း တင်ဆောင်လာတဲ့ ကုန်တင်ကားကြီးဟာ ရှေ့ပြေးအဖြစ် လမ်းကြောင်းကြည့် ကားငယ်နဲ့အတူ ဖမ်းမိခဲ့တာပါ။ အခုလို ဖမ်းမိတာဟာ သုံးရက်အတွင်း တတိယအကြိမ် အများဆုံး ဖမ်းမိခဲ့တာပါ။ လန်ပမ်း၊ မယ်ဟောင်ဆောင်နဲ့ ထိုင်းမြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်းဖမ်းမိတဲ့ စိတ်ကြွဆေးပြားပေါင်း ၂၇ သန်းကျော်ရှိပြီး ကာလတန်ဘိုး ဘတ်ငွေသန်းပေါင်း၂,၀၀၀ ကျော်တန်ဖိုးရှိပါတယ်။

စိတ်ကြွဆေးအားလုံးဟာ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ ချင်းမိုင်ဒေသတွေကလာတာဖြစ်ပြီး အများစုကတော့ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးတွေဖြစ်ပါတယ်။ မတ်လ ၁၁ ရက်နေ့ကပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မူးယစ်နှိမ်နင်းတိုက်ဖျက်ရေးဗျူရိုမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မူးယစ်နှိမ်နင်းရေးဗျူရိုရဲ့ အတွင်းရေးမှူး ရဲမှူး ဖါနူရပ် လပ်ဘွန်က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ထိုင်းနိုင်ငံအတွင်း သန်းနဲ့ချီဝင်နေတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေဟာ အစိုးရ ဝန်ထမ်းအရာရှိတွေ ကိုယ်တိုင်လာဘ်စားမှုတွေရှိနေတဲ့အတွက် အထူးခုံရုံးဖွဲ့ပြီး စစ်ဆေးလုပ်ဆောင်ပါမယ်။ မူးယစ်ဗျူရိုအဖွဲ့အတွင်းက တာဝန်ရှိသူတွေ ပတ်သက်နေရင်တောင် မျက်နှာမလိုက်ဘဲ အရေးယူသွား" မယ့်အကြောင်း ပြောသွားတာပါ။

ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းဝန်ကြီးချုပ် Prime Minister Srettha Thavisin ကပြောသွားတာကတော့ အခုလို စိုးရိမ်စရာကောင်းတဲ့ စိတ်ကြွဆေးပြား ဝင်ရောက်လာနေတာနဲ့ ပတ်သက်ပြီးတော့ ၂၀၂၃ ခုနှစ်မှာတင် ဖမ်းမိတဲ့စိတ်ကြွဆေးပြား အရေအတွက်ဟာ သန်းပေါင်း ၂၅၀ ကျော်ရှိပြီး စိတ်ပြားဆေးပြားစျေးကွက်မှာတော့ တပြားကို ဘတ်ငွေ ၄၀ လောက်သာတန်ဖိုးရှိတော့ကြောင်း၊ ဒီအတွက် သုံးစွဲသူတွေ ပိုများလာနေပါတယ်။ ဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မူးယစ်ဥပဒေအရဆိုရင် စိတ်ကြွဆေးပြား ၅ ပြားထိ လက်ဝယ်ထားမိရင် သုံးစွဲသူလို့သတ်မှတ်ပြီး မူးယစ်တိုက်ဖျက်ရေးစခန်းနဲ့ဆေးရုံကိုသာ ပို့ရမယ်လို့ ထုတ်ပြန်ထားချက်ကိုလည်း ပြန်လည်သုံးသပ်ရတော့မှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

Forum

XS
SM
MD
LG