သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံအရေး ဆွေးနွေး


ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင် နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ်ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာခေါင်းဆောင်တွေ ဒီကနေ့တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေးအပါအ၀င် ၂နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာ မြန်မာသမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေကတော့ သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတုန်းပဲလို့ ပြောလိုက်ပြီး၊ ၂ ဘက် အစိုးရတာဝန်ရှိသူတွေအနေနဲ့ အခုထက်ပိုလုပ်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့အထူးကိုယ်စားလှယ်အဖြစ် နဲ့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်ဟာ မြန်မာသမ္မတဦးထင်ကျော် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ နေပြည်တော်မှာ ဒီကနေ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့နေ့လည် ၂ နာရီက နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတွေ့ဆုံပြီးတဲ့နောက် ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ထိုင်းနိုင်ငံဘက်က ဒီလူတွေနဲ့ ပတ်သက်ပြီး တိုးတက်အောင်လုပ်ဖို့ အစီအစဉ်ရှိသလားဆိုရင်တော့၊ ထိုင်းနိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်အောင် အမြဲတမ်းပဲ ကြိုးစားနေတယ်လို့ ကျမအနေနဲ့ ထင်ပါတယ်။”

ဒါ့အပြင် ၂ နိုင်ငံအစိုးရ ၂ ရပ်စလုံးကလည်း အလုပ်သမားအရေးကိစ္စအပါအ၀င် တခြားကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် သဟဇာတဖြစ်ဖြစ် အတူလက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ သူ့အနေနဲ့ အမှန်တကယ်ပဲ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဒွန် ပရာမွတ်ဝီနိုင်းကတော့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးအခြေအနေတွေ တိုးတက်လာတယ်လို့ ပြောပါတယ်။

“အခုချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက် ကျေနပ်မှုရှိသလို၊ မြန်မာအလုပ်သမားတွေလည်း ၀မ်းသာနေကြတယ်လို့ ကျနော်တို့သိပါတယ်။ မြန်မာအလုပ်သမားတွေ ၀မ်းသာနေကြတာကတော့ - သူတို့လိုအပ်တဲ့ ပညာသင်ခွင့်တွေရရှိနေသလို၊ ထိုင်းနိုင်ငံသားတွေလိုပဲ ဆေးကုသမှုတွေလည်း ရကြပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့အလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး ၂ နိုင်ငံခေါင်းဆောင်တွေဆွေးနွေးခဲ့ကြတာကို ကြိုဆိုကြောင်း၊ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း ထိုင်းအစိုးရတာဝန်ရှိသူတွေကို မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတန်းတူပေးဖို့အတွက် မြန်မာအစိုးရဘက်က ပြောဆိုတာတွေရှိခဲ့ပေမယ့်လည်းအလုပ်သမားအခွင့်အရေးကိုချိုးဖောက်တာတွေ ဆက်ရှိနေတုန်းတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။ ထိုင်းရောက် မြန်မာအလုပ်သမား အခွင့်အရေးတွေ တိုးတက်လာဖို့အတွက် မြန်မာအစိုးရလုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီး ဦးကျော်သောင်းကအခုလို ပြောပါတယ်။

“အလုပ်သမားအရေးဆောင်ရွက်တဲ့လူတွေ အလုပ်သမားတွေ က နေ့တဓူဝ ဖြစ်ပျက်နေတာတွေကို တိုက်ရိုက် ပြောဆိုဆက်ဆံ တိုင်ကြားနိုင်တဲ့ စင်တာလို သဘောမျိုး မြန်မာအစိုးရမှာ ထိုင်းနိုင်ငံဘက်မှာ လိုအပ်ပါမယ်။ ဆိုတော့တရားဝင် ပတ်စပို့ထုတ်ထားတဲ့၊ နေထိုင်ခွင့်ထုတ်ပေးထားတဲ့ ၃ သန်းကျော်သောအလုပ်သမားပမာဏနဲ့ညီမျှတဲ့ ကာကွယ်စောင့်ရှောက်တဲ့ စင်တာမျိုးတွေလိုအပ်ပါတယ်။ ဒီနေ့တခုဖြစ်တယ်ဆိုရင် ဒီနေ့တခု ၊ ဥပမာ ကားမှောက်ပြီးတော့ သေတယ်။ အဲဒီလို အရေးပေါ်ဖြစ်တဲ့ ကိစ္စရပ်တိုင်းကို မြန်မာအစိုးရသစ်အနေနဲ့ အဲဒီဘက်မှာလာပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဖို့လိုမယ်ဗျ။ ပြီးတော့ ဒီ ထိုင်းအစိုးရ ဘက်က လည်း အောက်ခြေမှာ ကျနော်တို့ပြောနေတဲ့ ဖမ်းတဲ့ အနေအထားတွေ ရှိနေတယ်။ အောက်ခြေသိမ်းမှာ မြန်မာတွေကို အကြောင်းပြချက်မခိုင်လုံဘဲနဲ့ တရားဝင် အလုပ်လုပ်ပိုင်ခွင့် စာရွက်စာတမ်းတွေ စုံပါလျှက်နဲ့ ဖမ်းနေတဲ့ အဲဒီရဲတွေ ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့လုပ်ငန်းရှင်တွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုတယ်ဗျ။ ဒါမှသာလျှင် ၂ နိုင်ငံ လူကြီးတွေရဲ့ပြောစကားဟာ အကုန်လုံး အတည်ဖြစ်ပြီးတော့ အလုပ်သမား တွေက အလုပ်သမားအခွင့်အရေးကို ရရှိမယ်လို့ ယူဆတယ်ဗျ။”

ဒါ့အပြင် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ က ဒု-ဥက္ကဋ္ဌ ကိုအောင်ကျော်ကတော့ တချို့နေရာတွေမှာ လုပ်အားခ တန်းတူမရတာတွေလည်းရှိနေသေးသလို၊ ထိုင်းအလုပ်ရှင်တွေဘက်က သူတို့လုပ်ဆောင်ပေးရမယ့်ကိစ္စတွေကို ပျက်ကွက်တာတွေရှိတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရတော့ ထိုင်းနိုင်ငံမှာ တရားဝင် လာရောက်အလုပ်လုပ်ကိုင်တဲ့ ဘယ်အလုပ်သမားကိုမဆို တန်းတူ အခွင့်အရေးပေးရမယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဟာ ထိုင်းနိုင်ငံရဲ့ တရားဝင် စာရင်းအရတော့ ၃ သန်းကျော်ရှိပြီး၊ တရားဝင်ရော၊ တရားမ၀င်နေထိုင်သူတွေ ပါပေါင်းလိုက်မယ်ဆိုရင် ၄ သန်းလောက် ရှိနိုင်တယ်လို့ခန့်မှန်းကြောင်း ထိုင်းအလုပ်သမားအခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG