သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီ ထိုင်း၊ မြန်မာနယ်စပ် လူကုန်ကူးမှု စုံစမ်း


လူ့အခွင့်အရေးကောင်စီ ထိုင်း၊ မြန်မာနယ်စပ် လူကုန်ကူးမှု စုံစမ်း
လူ့အခွင့်အရေးကောင်စီ ထိုင်း၊ မြန်မာနယ်စပ် လူကုန်ကူးမှု စုံစမ်း

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ်စ် ဂူစီ အက်ဇီလိုဟာ ထိုင်းနိုင်ငံက လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းမှာ ဘယ်လောက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ် ဆိုတာကို သိရဖို့အတွက် မနေ့ကစပြီး သြဂုတ်လ ၁၉ ရက်နေ့အထိ စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မြန်မာဒုက္ခသည် အများစု ရှိနေတဲ့ ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ ကလေးငယ်တွေသာမက သားကောင်ဖြစ်ကြရတဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေပါ အများအပြား ရှိနေတာမို့ လူကုန်ကူးသူတွေကို ကုလသမဂ္ဂက ထိထိရောက်ရောက် အရေးယူပေးဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံသင့်တယ်လို့ ချင်းမိုင်အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ်စ် ဂျွိုင်း ဂူစီ အက်ဇီလိုဟာ တနင်္လာနေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ အထူးကိုယ်စားလှယ်ရဲ့ ပြောခွင့်ရ မစ်စ် ဂျန်ကို တာဒါကီက ပြောပါတယ်။

“သူ့ရဲ့ လူကုန်ကူးမှုဆိုင်ရာ အချက်အလက်ရှာတဲ့ ခရီးစဉ်ကို မနေ့က သြဂုတ်လ ၈ ရက်နေ့မှာ စတင်ခဲ့တာပါ။ အဓိကအားဖြင့် ထိုင်းနိုင်ငံက လူကုန်ကူးမှုဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရှိပါတယ်။” လို့ ပြောသွားပါတယ်။

ဒီခရီးစဉ်အတွင်း မစ်စ် အက်ဇီလိုဟာ လူကုန်ကူးမှုအတွက် အရေးယူ ဆောင်ရွက်နေတဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ တရားရေး ဝန်ထမ်းတွေ၊ နိုင်ငံတကာနဲ့ လူမှု လူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေအပြင် ကိုယ်တိုင် လူကုန်ကူးခံရသူတွေကို တွေ့ဆုံ မေးမြန်းဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ အခု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အထူးကိုယ်စားလှယ်ဟာ ဘန်ကောက်မြို့မှာ ရှိနေပြီး ထိုင်း၊ မြန်မာနယ်စပ်က မဲဆောက်၊ ချင်းမိုင်နဲ့ ငါးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ ဆမွတ်ဆခွန်အပြင် ဆုန်ခလကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ဒေသတွေဟာ လူကုန်ကူးသူတွေ ကျက်စားရာနေရာ ဖြစ်နေသလို ဆင်းရဲတွင်း နက်နေတဲ့ မြန်မာနိုင်ငံသားတွေကို မက်လုံးပေး ခေါ်ထုတ်လာပြီး ကလေးငယ်တွေကို တောင်းစားခိုင်းဖို့ ရောင်းစားတာမျိုးတွေ၊ အမျိုးသမီးနဲ့ အမျိုးသားငယ်တွေကို လိင်ဖျော်ဖြေမှုအတွက် ရောင်းစားတာနဲ့ အသက်နဲ့ ရင်းရတဲ့ ငါးဖမ်းလှေတွေမှာ ခိုင်းဖို့အတွက် ရောင်းစားတာမျိုးတွေ ရှိနေပါတယ်။

ဗဟုသုတ ခေါင်းပါးတဲ့ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံနေရတာတွေ အတွက် ကုလသမဂ္ဂက တကယ်ကူညီ ပံ့ပိုးပေးချင်တယ်ဆိုရင် မြန်မာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ပါ ကုလသမဂ္ဂ ကိုယ်စားလှယ် တွေ့ဆုံသင့်တယ်လို့ WLB ထိုင်းအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံက ဒေါ်တင်တင်ညိုက ပြောပါတယ်။

“အခုလိုမျိုး လေးလေးနက်နက် ထားပြီးတော့ Facts Finding Mission ပေါ့၊ Trafficking ကိစ္စတွေကို လာတာက လိုအပ်နေတဲ့ အခြေအနေ အချိန်အခါမျိုးလည်း ဖြစ်တယ်။ ဒါပေမဲ့လည်း တကယ့်တကယ် သူတို့တွေ Facts Finding လုပ်မယ်ဆိုရင် အစိုးရတွေနဲ့ပဲ တိုက်ရိုက် ထိစပ်ပြီးလုပ်ရင် မပြည့်စုံဘူးလို့ ကျမမြင်တယ်။ ပြီးတဲ့အခါ NGO ကြီးကြီးတွေလောက်ပဲ ပစ်မှတ်ထားပြီး ထိစပ်မှုတွေ မလုပ်သင့်ဘူးလို့ ကျမမြင်တယ်။

“ဘာဖြစ်လို့လဲဆိုတော့ တကယ့် လူထုတွေနဲ့ ထိစပ်ပြီး လုပ်နေတဲ့၊ တိုက်ရိုက် ဆက်စပ်ပြီး လုပ်နေတဲ့၊ အောက်ခြေနဲ့ ထိစပ်မှုရှိတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေပေ့ါ၊ အဲဒီအဖွဲ့အစည်းတွေကို ဆက်စပ်ပြီး လုပ်နိုင်မယ်ဆိုရင် တကယ့်ကို မှန်ကန်တဲ့ အချက်အလက်တွေ သူတို့ ပိုပြီးရရှိမှာ ဖြစ်တယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ်စ် အက်ဇီလိုဟာ MAP ခေါ် ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့နဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ MAP အဖွဲ့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို ကူညီ ဆောင်ရွက်ပေးနေတာမို့ တခါတရံ လုပ်ခလစာနဲ့ အလုပ်လုပ်နေကြသူတွေ အဖြစ်ကနေ အလုပ်ရှင်ရဲ့ ဖိနှိပ်မှုဒဏ် မခံနိုင်ဘဲ ထွက်ပြေးဖို့ လုပ်ရာက လူကုန်ကူးခံရတဲ့အသွင် ပြောင်းသွားတာမျိုးတွေ ရှိနေတယ်လို့ MAP အဖွဲ့ တာဝန်ခံ ဂျက်ကီ ပူးလော့က ပြောပါတယ်။

MAP အဖွဲ့က မမှိုင်းမှိုင်းကတော့ လူကုန်ကူးမှုမှာ မြန်မာနိုင်ငံသားတွေ အများအပြား ပါဝင်ပတ်သက်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။

“အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လူကုန်ကူးမှုက သိပ်မရှိဘူး မဟုတ်ဘူး။ လူကုန်ကူးမှုက ရှိတယ်ရှင့်။ တချို့က ကျမတို့ MAP က သိတဲ့ အပိုင်းလေးတွေလည်း ရှိတယ်။ အားလုံးပြီးသွားမှ သိတာတွေလည်း ရှိတယ်။ MAP ကနေ တိုက်ရိုက်လုပ်ပေးတဲ့ဟာတော့ မရှိဘူး။ MAP ကနေပြီးတော့မှ တဆင့်တဆင့် ဖုန်းအားဖြင့် ကူညီပေးတယ်၊ တခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတယ်၊ အဲလိုဟာလေးတွေတော့ ရှိတယ်လေ။ အခု မြန်မာနိုင်ငံက လူတွေကလည်း လူကုန်ကူးနေတာ ရှိတယ်။ မြန်မာနိုင်ငံထဲက လူတွေကလည်း လူကုန်ကူးခြင်းကို ခံနေရတုန်းပဲ ဆိုတာတော့ အခုထိ ရှိနေတယ်လေ။”

ဒီလို မြန်မာနိုင်ငံသား လူကုန်ကူးခံရမှုတွေအတွက် အဖြစ်မှန်တွေကို ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ကို ပြောပြဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

မစ်စ် အက်ဇီလိုဟာ သူ့ရဲ့ တွေ့ရှိချက်တွေကို သြဂုတ်လ ၁၉ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ဖော်ပြောဆိုမှာ ဖြစ်ပါတယ်။

XS
SM
MD
LG