သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ ဝင်သူတွေထဲ မြန်မာနိုင်ငံသားအများစုပါ


ထိုင်း-မြန်မာနယ်စပ်မှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားများ။ (၀၆၊ ၀၂၊ ၂၀၂၁)
ထိုင်း-မြန်မာနယ်စပ်မှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားများ။ (၀၆၊ ၀၂၊ ၂၀၂၁)

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံနယ်စပ်တွေကနေ နိုင်ငံခြားသား အထောက်အထားမဲ့တွေ တရားမဝင် ဝင်ရောက်မှုက နိုဝင်ဘာလ ပထမလဝက်အတွင်း အရေအတွက် ၇,၀၀၀ ကျော်ရှိပြီး ဒီထဲမှာအများစုက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီလို တရားမဝင် ဝင်လာသူတွေ များနေတဲ့အတွက် ထိုင်းနယ်စပ်တွေက ထိန်းသိမ်းရေးစခန်းတွေ မနိုင်မနင်းဖြစ်နေတဲ့ အခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ၁၀ လအတွင်း ထိုင်နိုင်ငံ နယ်စပ်တွေကနေ နေ့စဉ် တရားမဝင် ဝင်ရောက်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ၃ သောင်းခွဲကျော် ရှိနေတယ်လို့ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။ အခုနိုဝင်ဘာလအတွင်းမှာတော့ အထောက်အထားမပါဘဲ တရားမဝင် ဝင်ရောက်လာသူတွေ ပိုများနေပြီး နိုဝင်ဘာ ၁၅ ရက်အထိ လဝက်အတွင်းမှာ၇,၀၀၀ ကျော်အထိ ရှိနေပြီလို့ထိုင်းနိုင်ငံ ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြတယ်လို့ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ မဲဆောက်မြို့ ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပြပါတယ်။

“နိုဝင်ဘာလ ၁ ရက်နေ့က ၁၅ ရက်အတွင်း... ၂ ပတ်အတွင်းမှာတော့ နိုင်ငံခြားသားခိုးဝင်တဲ့လူဦးရေ ၇,၁၄၁ ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါတယ်။ ခိုးဝင်လာတဲ့ ခုနှစ်ထောင်ကျော်ထဲမှာ ၄ ပုံ ၃ ပုံက မြန်မာနိုင်ငံသားတွေလို့ ပြောလို့ရပါတယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံက အိမ်နီးချင်နိုင်ငံတွေနဲ့ နယ်စပ်ဖြတ်သန်းသွားလာတဲ့ ဂိတ်တွေကို ပိတ်ထားချိန်မှာ ခုလို တရားမဝင် ဝင်ရောက်သူတွေ များနေတာဖြစ်ပါတယ်။

အခုဆိုရင် ထိုင်းမြန်မာနယ်စပ်တွေဖြစ်တဲ့ ရနောင်း-ကော့သောင်း၊ မဲဆောက်-မြဝတီ၊ မဲဆိုင်-တာချီလိတ်သာမက၊ ဘုရားသုံးဆူ-စခံဘူရီ၊ ပရကျွတ်ခီရီကန်၊ မောထောင် နယ်စပ်တွေကနေပါ အထောက်အထားမဲ့ မြန်မာတွေအလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့အတွက် ထိုင်းအစိုးရကပြည်နယ် ၁၀ ခုကို လုံခြုံရေးတင်းကြပ်စွာ ချထားရပါတယ်။ ဒါပေမယ့်လည်း အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့မြန်မာတွေဟာ အဖမ်းအဆီးတွေရှိတဲ့ကြားကပဲ နေစဉ်ရာနဲ့ချီပြီး ဝင်လာနေစဲဖြစ်ပါတယ်။ ဒီလိုအလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့အတွက် သူတို့ကို ဖမ်းဆီးထိမ်းသိမ်းတဲ့အခါမှာ ထိုင်းနိုင်ငံက ထိမ်းသိမ်းတဲ့စခန်းတွေ အချုပ်တွေ နေရာမဆန့်တဲ့ အခြေအနေအထိ ဖြစ်နေပါတယ်။

“နယ်စပ်တွေတလျောက်ကနေ ခိုးဝင်လာတဲ့သူတွေများတယ်။ များတဲ့အခါကျတော့ ထိန်းသိမ်းရေးစခန်းတွေမှာထားရတာများတော့ အဲဒီနေရာတွေမှာ ထိန်းသိမ်းထားရတဲ့အခြေအနေတွေက ထိန်းသိမ်းထားတဲ့နေရာတွေမှာ ပြည့်ကြပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေ၊ ထိုင်းက ဒေသဆိုင်ရာ ထိုင်းတာဝန်ရှိသူတွေက ပြောတာတွေရှိတယ်။ ခိုးဝင်လာတဲ့သူတွေရှိရင် သူတို့က ကိုဗစ်စစ်ဆေးပြီး လာရာလမ်းကြောင်းအတိုင်း လာတဲ့နိုင်ငံကို ပြန်လွှဲပြောင်းပေးနေတဲ့အစီစဉ်မျိုးတွေနောက်ပိုင်းမှာ လုပ်ဆောင်နေရတယ်လို့ သူတို့ကပြောလာပါတယ်။”

နယ်စပ်ဖြတ်ကျော်ပြီး နေစဉ်ရာနဲ့ချီ ဝင်ရောက်နေတာမို့ ထိုင်းအစိုးရက ဒီပြသနာကိုကိုင်တွယ်ဖို့အတွက် အခက်အခဲတွေ့နေပုံရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေး၊ အလုပ်အကိုင်အခက်အခဲနဲ့ စီးပွားရေး နိုင်ငံရေးအကြပ်အတည်းတွေကြောင့်မြန်မာနိုင်ငံသားတွေဟာ နယ်စပ်တွေကနေ နေ့စဉ် ထိုင်းနိုင်ငံထဲ ရတဲ့နည်းလမ်းတွေနဲ့ ဝင်ရောက်နေကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၃ သန်းထက်မနည်းရှိပါတယ်။

=========

{{Unicode}}










=========

XS
SM
MD
LG