သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ချစ်ကြည်ရေးအတွက် မြန်မာတောင်းဆိုမှု ထိုင်းလိုက်လျောမည်


နယ်စပ်ချစ်ကြည်ရေးအတွက် မြန်မာတောင်းဆိုမှု ထိုင်းလိုက်လျောမည်
နယ်စပ်ချစ်ကြည်ရေးအတွက် မြန်မာတောင်းဆိုမှု ထိုင်းလိုက်လျောမည်

ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေ ပြန်ကောင်းလာစေဖို့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေကို ဖယ်ရှားပေးဖို့နဲ့ မြန်မာပြည်တွင်းမှာ ဗုံးခွဲတယ်လို့ အစိုးရက စွပ်စွဲထားတဲ့ အတိုက်အခံတွေကို ဖမ်းဆီးပေးဖို့ မြန်မာအစိုးရက ထိုင်းအစိုးရကို ပြောလာပါတယ်။ ဒါကို ထိုင်းနိုင်ငံ တပ်ခ် အုပ်ချုပ်ရေးမှူးက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လိုက်လျောဖို့ အဆင်သင့် ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနဲ့ မြန်မာ ကုန်သွယ်မှု လုပ်နေတဲ့ မဲဆောက် မြဝတီ ချစ်ကြည်ရေး တံတားကြီးကို ပြန်ဖွင့်ဖို့အတွက် မြန်မာဘက်က တောင်းဆိုထားတဲ့ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေကို ဖယ်ရှားပေးဖို့ အပါအဝင် တောင်းဆိုချက်တွေကို လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆမတ် လွိုင်ဖားက အခုလို ပြောဆိုခဲ့ပါတယ်။

တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆမတ် လွိုင်ဖား ပြောသွားတဲ့ အထဲမှာ တပ်ခ်ခရိုင်ထဲမှာ စီးပွားရေးတွေ ကောင်းမွန်ဖို့အတွက် မြန်မာနဲ့ ထိုင်းကြားမှာ ဆက်ဆံရေးတွေ ကောင်းမွန်တာကို မြင်တွေ့လိုကြောင်း၊ ဒီလို တိုးတက် ကောင်းမွန်လာစေဖို့အတွက် မြန်မာဘက်က တောင်းဆိုထားတဲ့ KNU တွေနဲ့ အတိုက်အခံတွေကို ဖယ်ရှားပေးဖို့ ဆိုတာတွေကို ပြုလုပ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုခဲ့တာပါ။ ဒီလိုလုပ်မှ နယ်စပ် ချစ်ကြည်ရေးအရ လမ်းတွေ ပြန်ဖွင့်လာမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ မဲဆောက်မှာ အခြေချ နေထိုင်ခြင်း မရှိကြောင်း အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကတော့ ငြင်းဆိုပါတယ်။

“သူတို့ပြောတာ မဟုတ်ပါဘူး။ KNU အနေနဲ့ မဲဆောက်မှာ မနေပါဘူး။ KNU က သူ့နယ်မြေမှာ နေကြတယ်။ လှုပ်ရှားမှု လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ လူထုတွေထဲမှာပဲ နေတယ်။”

နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း ကရင်လက်နက်ကိုင်တွေ ခိုလှုံရာ နေရာတွေအဖြစ် စွပ်စွဲခဲ့တာကြောင့် ဒုက္ခသည်တွေဟာ ပြည်တွင်းစစ်ကြောင့် ဖိနှိပ်ခံရမှုတွေ၊ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ထွက်ပြေးလာသူတွေ ဖြစ်ကြောင်း ပြောပြပါတယ်။

“ကရင်တွေချည်း မဟုတ်ဘဲ တခြား တိုင်းရင်းသားတွေလည်း ရှိတယ်။ တခြား တိုင်းရင်းသားတွေလည်း စစ်အာဏာရှင် လက်အောက်မှာ သူတို့ မျိုးစုံ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရား အတင်းအဓမ္မလုပ်တာ ခံနေရတဲ့အတွက် ဒုက္ခသည် စခန်းထဲမှာ လာနေကြတာ ရှိတယ်။ KNU က ဒုက္ခသည်စခန်းနဲ့ မပတ်သက်ဘူး။”

ထိုင်းနိုင်ငံ တပ်ခ်ခရိုင်တွင်းက မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတားကို မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ပိတ်ခဲ့တာကြောင့် အခုဆိုရင် တနှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ အရင်တုန်းက ထိုင်းဘက်က မြန်မာဘက်ကို တလကို ဘတ် သန်း ၃,၀၀၀ ကျော်ဖိုးအထိ ကုန်တွေ တင်ပို့ခဲ့ကြောင်း တပ်ခ်ခရိုင် ကုန်သည်ကြီးများ အသင်းရဲ့ အဆိုအရ သိရပါတယ်။

ဒီလို အရင်က နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်တာတွေကြောင့် ထိုင်းနိုင်ငံဘက်က မြန်မာနဲ့ ဆက်ဆံရေး အဆင်ပြေ ချောမွေ့စေဖို့အတွက် အစဉ်တစိုက် လုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာဘက်ကတော့ ထိုင်းနဲ့ အဆင်မပြေမှုတွေ ဖြစ်တိုင်း မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတားကို ဖွင့်လိုက် ပိတ်လိုက် လုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၈ ရက်ကစပြီး ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အချက်အချာကျတဲ့ မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က စတင်ပိတ်ခဲ့ပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားက အငြင်းပွားနေတဲ့ ရေလယ်ကျွန်း ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘက်က ကမ်းထိန်းနံရံတွေ လုပ်တာကို မကျေနပ်ရာကစပြီး မြန်မာဘက်က တံတားကို စတင်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ချစ်ကြည်ရေးတံတား ပိတ်ထားပေမဲ့ တရားမဝင် နယ်စပ်ဂိတ်တွေကနေ ထိုင်းနဲ့ မြန်မာ ကုန်ပစ္စည်းတွေကတော့ ကုန်သွယ်မှုတွေ ရှိနေခဲ့တာပါ။

ဒီကုန်သွယ်မှုတွေကတော့ တလကို ဘတ် သန်း ၁,၀၀၀ အောက်မှာ ရှိနေခဲ့ကြောင်း ထိုင်းကုန်သည်တွေက ဆိုပါတယ်။ ထိုင်းနိုင်ငံဘက်က မြန်မာဘက်ကို နယ်စပ်တံတား ပြန်ဖွင့်ရေးအတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ မြန်မာဘက်က ပြန်ဖွင့်တာမျိုး မရှိခဲ့ပါဘူး။

အခုအခါမှာတော့ နယ်စပ်တံတား ပြန်ဖွင့်ရေးအတွက် မြန်မာအစိုးရကို လက်နက်စွဲကိုင် တိုက်ပွဲဝင်နေတဲ့ ကရင်လက်နက်ကိုင်တွေ၊ ပြည်တွင်းစစ်ကြောင့် ပြေးလာတဲ့ ဒုက္ခသည်စခန်းက လူထုတွေကို ထိုင်းအစိုးရ အနေနဲ့ ဖိအားပေးမှု လုပ်မှသာ ၂ နိုင်ငံ ချစ်ကြည်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေနိုင်မယ်ဆိုပြီး တောင်းဆိုမှုတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG