သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာ တရာကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး


၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံသားများ ကို ထိုင်းအချုပ်ခန်းတွင် တွေ့ရစဉ်
၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံသားများ ကို ထိုင်းအချုပ်ခန်းတွင် တွေ့ရစဉ်

ထိုင်းနဲ့ မလေးရှားနယ်စပ်ဒေသ ဆုံခလာခရိုင်ထဲမှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက် ၂ ရက်အတွင်း လူကုန်အကူးခံရတဲ့ မြန်မာနိုင်ငံသား တရာကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီလူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းကျေးရွာသူကြီး တဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တာပါ။ ထိုင်း-မလေးနယ်စပ်ဒေသမှာ လူကုန်အကူးခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို လူကုန်အကူးခံရ သူတွေထဲမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေ များလာနေတဲ့အတွက် ကုလသမဂ္ဂကပါ သွားရောက်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပါတယ်။

ထိုင်း တောင်ပိုင်းဖြစ်တဲ့ ထိုင်း-မလေးနယ်စပ် ဆုန်ခလာခရိုင် ၊ ဘန်ကလန် မြို့နယ်ထဲက ရာဘာသစ်တော တွေထဲမှာ လူဦးရေ ၈၀ကျော် ဖမ်းမိခဲ့ပြီး ပဒန်ပစားမြို့နယ်ထဲမှာတော့ လူဦးရေ ၃၀ကျော် ဖမ်းမိခဲ့တာပါ။

အခုအခါမှာ လူကုန်ကူးခံရသူတွေကို ဖွက်ပေးတဲ့ထိုင်းကျေးရွာသူကြီးကိုပါ ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်တွေကနောက်ထပ် ပွဲစားတွေကိုပါ ဖမ်းမိအောင် စစ်ဆေးမူတွေ လုပ်နေပါတယ်။

ဆုံခလာခရိုင်၊ ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်ရဲ့ တာဝန်ခံ ဦးဘရီကတော့ ၂ရက်အတွင်း ဖမ်းမိသူ ၁၀၀ ကျော် သွားပြီလို့ အခုလိုပြောပါတယ်။

“ ဒီ၄၁ဦးကတော့ တောထဲမှာ ဖမ်းမိတယ်။ သူတိုက ဘန်ကလန် အချုပ်မှာပဲရှိတယ်။ ပါဒန်ပစားမှာတော့ ၃၄ယောက်မိတယ် ထိုင်းလူမျိုး သမနန်း(ရွာသူကြီး) ရဲ့ အိမ်အောက်ထဲမှာ ၃၄ယောက်မိတယ်။ ပါဒန်ပစားလို့ ခေါ်တဲ့ ထိုင်း-မလေးနယ်စပ်ပဲ သူက သူကြီးလုပ်နေတယ်။ ဖမ်းမိတဲ့အိမ်က သူရဲ့ အိမ်အောက်မှာပဲဖမ်းမိတယ်။ ပထမ ကျနော်သွား တွေ့တဲ့နေ့က ၄၁ယောက်၊ အခု ၄၁ယောက် နဲ့ ဆို ၈၂ယောက်။ နောက်တခါ ၃၄ယောက် ဆိုတဲ့အခါ ၁၀၀ကျော်သွားပြီ။ အသက် ၁၈ နှစ်အောက်ကလေးတွေ ၁၂ ယောက် ၁၃ယောက်လောက် ပါတယ်။”

ထိုင်း-မလေးနယ်စပ်မှာ မြန်မာတွေ လူကုန်ကူးမူတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံက ကုလ သမဂ္ဂ မဟာမင်းကြီးရုံးက ကိုယ်စာလှယ်တွေနဲ့ ထိုင်းတောင်ပိုင်းက အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အရေးပေါ်ဆွေးနွေးပွဲလုပ်ပြီး ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစား နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်တော့ လူတထောင်လောက်သာ ဖမ်းဆီးခံရပေမဲ့ ၂၀၁၉ ခုနှစ်ထဲမှာတော့ ထိုင်း တောင်ပိုင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၇ထောင် ကျော်သွားပြီ လိုလည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီနှစ်ထဲမှာပဲ ထိုင်းနဲ့မြန်မာတွေ ပါဝင်တဲ့ လူမှောင်ခိုသမား ၁၅၀ကျော်ကိုလည်း အရေးယူ နိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေ ပြောဆိုခဲ့ပါတယ်။ ထိုင်း-မလေးနယ်စပ်မှာ လူကုန်ကူးမူတွေ ဆက်တိုက်ဖြစ်နေတာရယ် ကလေးသူငယ်တွေပါ ဖမ်းဆီးခံ နေရတာကြောင့် ထိုင်းနိုင်ငံက ကုလ သမဂ္ဂ မဟာမင်းကြီးရုံးက ကိုယ်စားလှယ်တွေဟာ ထိုင်းမလေးနယ်စပ်က အချုပ်စခန်းတွေဆီကို ဒီရက်ပိုင်းအတွင်း မှာပဲ လာရောက်ကြည့်ရူ စစ်ဆေးမယ်လို့ဆိုပါတယ်။

“ ၈ ရက်နေ့မှာတော့ ယူအန်က နေလာမယ်လို့ သတင်းရတယ် ယူအန်ကနေ ရဟတ်ယာဉ်နဲ့ ဆင်းလာမယ်။ လူကုန်ကူးခံရသူတွေကို လာပြီး စစ်ဆေးမေးမြန်းဖို့ ပေါ့နော်။”

ထိုင်း-မလေးနယ်စပ်မှာ ဧပြီလကစပြီး မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ဆက်တိုက် ဖမ်းဆီးမိနေတာကြောင့် ထိုင်းအစိုးရ အနေနဲ့လတ်တလော အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာအဖြစ် ထုတ်ဖော်ပြောဆို နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG