သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ၁၀၀၀ ကျော်ထိုင်းအစိုးရ ဌာနေပြန်ပို့


ဇူလိုင်လ ၁ ရက်နေ့တုန်းက ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များကို မြန်မာနိုင်ငံ ပြန်ပို့စဉ်

ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေထဲက တထောင်ကျော်ကို ၂၀၁၆ အောက်တိုဘာလ ကစပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဌာနက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် တက်ခ်ခရိုင်၊ မယ်ဟောင်ဆောင်နဲ့ ရတ်ချာဘူရီ ခရိုင်တွေမှာ ရှိတဲ့ ယာယီဒုက္ခသည်စခန်းတွေကနေ ဇူလိုင်လ တရက်နေ့ကနေ ၃ ရက်နေ့အတွင်း စုစုပေါင်း မြန်မာဒုက္ခသည်၃၁၀ ကို မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ကြောင်းနဲ့ ၂၀၁၆ အောက်တိုဘာလမှာ ပထမအသုတ်အဖြစ် ၇၁ ဦး၊ မနှစ်က မေလထဲမှာ ဒုတိယအသုတ်အဖြစ် ၉၃ ဦးနဲ့ ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာ တတိယ အသုတ်အဖြစ် ၅၆၅ ဦး ပြန်ပို့ပေးခဲ့တဲ့အတွက် အခုဆို စုစုပေါင်း ၁၀၃၉ ဦး ရှိပြီဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ထိုင်းအစိုးရဟာ ၁၉၈၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံက ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ခံထားတာပါ။ လက်ရှိမှာ မြန်မာဒုက္ခသည် စုစုပေါင်း တသိန်းလောက် ရှိနေပြီး မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနဘူရီနဲ့ ရတ်ချာဘူရီ ခရိုင်တွေမှာ ရှိတဲ့ ယာယီဒုက္ခသည် စခန်း ၉ ခုမှာ ခိုလှုံနေကြတာပါ။

ဒုက္ခသည်တွေ ဌာနေကို သူတို့သဘောနဲ့သူတို့ လုံခြုံစိတ်ချစွာ၊ ဂုဏ်သိက္ခာ ရှိရှိ၊ ရေရှည်နေထိုင်ဖို့ ပြန်နိုင်အောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာရွှေ့ပြောင်း အခြေချသူများအရေးဆောင်ရွက်နေတဲ့ IOM တို့ရဲ့ အကူအညီကို ယူပြီး ထိုင်းနဲ့ မြန်မာ ပူးတွဲအလုပ်အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒုက္ခသည်တွေကို တနှစ်ကို ၂ ကြိမ် မိုးမတိုင်ခင်နဲ့ မိုးရာသီအပြီးမှာ ပြန်ပို့နိုင်အောင် ထိုင်းမြန်မာ ပူးတွဲ အလုပ်အဖွဲ့က သဘောတူညီချက် ယူပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG