သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ နေရပ် ပြန်ပို့ခံရ


မြန်မာဒုက္ခသည်တွေ နေရပ် ပြန်ပို့ခံရ
မြန်မာဒုက္ခသည်တွေ နေရပ် ပြန်ပို့ခံရ

ကရင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ အပစ်ရပ် DKBA ကရင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ မြန်မာဒုက္ခသည် ၃၀၀ ခန့်ကို မနေ့က ထိုင်းအစိုးရက မြန်မာဘက်ခြမ်းကို ပြန်ပို့ဖို့ လုပ်ခဲ့ပါတယ်။ မနေ့ကပဲ ဦးနှောက် အမှေးပါးယောင်ရောဂါ ကူးစက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်ပို့ဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ မြန်မာဘက်ခြမ်းမှာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာမို့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက နေရပ်ပြန်ပို့ခံရတဲ့ မြန်မာဒုက္ခသည်တွေဟာ ထိုင်း၊ မြန်မာ နယ်စပ်နားက ထိုင်းဘက်ခြမ်းမှာပဲ ခိုလှုံနေကြတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ အပစ်ရပ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်တို့ နှစ်ဘက် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်၊ ဖုတ်ဖရမြို့ဘက်ကို ထွက်ပြေး ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည် ၃၀၀ လောက်ကို စနေနေ့ကပဲ ထိုင်းအစိုးရက နေရပ်ပြန်ပို့လိုက်တယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့က ဆရာမန်းမန်းက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က အကုန်လုံး ပြန်ပို့လိုက်တယ်။ ရွာထဲကိုတော့ အကုန်လုံး ပြန်မနေကြဘူးပေါ့နော်။ နယ်စပ် ချောင်းကြို ချောင်းကြားမှာပဲ နေထိုင်ကြတယ်ပေါ့။ ကျနော်တို့ အရင်က ဖော်ပြထားတဲ့ ဒုက္ခသည် ၅,၀၀၀ ကျော်၊ ၆,၀၀၀ လောက်က အတိုင်းပဲ သူတို့ နယ်စပ်ရဲ့ ချောင်းကြိုချောင်းကြားမှာပဲ နေကြတယ်။”

တပ်ခ်ခရိုင် ဖုတ်ဖရက ကျေးရွာတွေမှာ ထိုင်းကျန်းမာရေးဌာနက ဦးနှောက် အမှေးပါးယောင်ရောဂါ ကူးစက်နိုင်တယ်ဆိုပြီး ကျန်းမာရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး နောက်မှာ ထိုင်းဒေသခံတွေက မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ပေးရေး တောင်းဆိုခဲ့တာ ဖြစ်တာကြောင့်လည်း ပါတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျန်းမာရေးဌာနက ဦးနှောက် အမှေးပါးရောဂါ တပ်လှန့်ထားတယ်ဆိုတဲ့ အပေါ်မှာ အယောင်ယောင် အမှားမှားလေးတော့ ဖြစ်သွားတာပေါ့၊ နယ်မြေခံ ထိုင်းလူထုတွေက။ ကူးစက်ရောဂါကြောင့် ဆိုပြီး အကြောင်းပြပြီးတော့ တပ်လှန့်ပြီးတော့ ဒေသခံ လူထုတွေက အဲဒီအပေါ်မှာ စိုးရိမ်စိတ်ကြောင့် ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်။ နောက်တခုက အဲဒီနေရာတွေကလည်း ပင်မရွာနဲ့လည်း သိပ်မဝေးဘူးပေါ့။”

ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ဒုက္ခသည် စခန်းတွေ ရှိပေမဲ့ အခု ဖုတ်ဖရက ဒုက္ခသည် စခန်းကတော့ ယာယီ ဒုက္ခသည်စခန်း ဖြစ်ပါတယ်။ ဒီမှာ နေထိုင်တဲ့ ဒုက္ခသည်တွေက မြန်မာနိုင်ငံဘက်မှာ စစ်ဖြစ်လာရင် ထိုင်းဘက်ကို ထွက်ပြေးလာပြီး စစ်ရေး အေးသွားရင် နေရပ်ကို ပြန်သွားကြတာပါ။ ဒါပေမဲ့ အခုကတော့ မြန်မာဘက်ခြမ်းမှာ မြန်မာစစ်တပ်နဲ့ DKBA တို့က လနဲ့ချီပြီး တိုက်ခိုက်နေကြတာကြောင့် ကာလရှည် ခိုလှုံနေရသလို ဖြစ်နေတာလို့ ဆရာ မန်းမန်းက ရှင်းပြပါတယ်။

“အဲဒီ ၃၀၀ ကျော်က သွားလိုက် လာလိုက်၊ ခေါက်တုံ့ခေါက်ပြန် တလကျော်ကျော်လောက် ရှိပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အချိန်ကာလလောက်မှာပဲ ၃ ပတ်လောက်က အဲဒီမှာ ကြာကြာနေထိုင်ခဲ့တယ်။ နောက် နေလည်း နည်းနည်းပူတယ်၊ အဲဒီနေရာတွေက။ ကျနော်တို့လည်း ထမင်းထုပ် လိုက်ပြီး ချက်ပို့နေရတယ်။ နေ့ည နေ့ည၊ အဲဒီအခြေအနေမှာလည်း ရှိနေတယ်။”

ထိုင်းအစိုးရ အနေနဲ့ကတော့ စစ်ဘေးကြောင့် ထွက်ပြေးလာရသူတွေကို ခိုလှုံခွင့် ပေးမယ်ဆိုတဲ့ မူဝါဒ ရှိပါတယ်။ ဒါပေမဲ့ ခိုလှုံတဲ့ ဒုက္ခသည်တွေ နေရေး ထိုင်ရေး အဆင်ပြေဖို့ကတော့ ဒေသခံ ထိုင်းလူထုက လက်ခံခြင်း၊ လက်မခံခြင်း အပေါ်မှာပဲ မူတည်တယ်လို့ သူက ပြောပါတယ်။

“ထိုင်းအစိုးရ ပေါ်လစီကတော့ စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့် ပေးမယ်လို့ ချမှတ်ထားပြီးသား ဖြစ်တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည် ဖော်ဖို့က နယ်မြေခံ ဒေသခံတွေ အပေါ်မှာလည်း အများကြီး မူတည်တယ်။”

အခု ဒုက္ခသည်စခန်းကို ထိုင်းအစိုးရက တရားဝင် သတ်မှတ်ပေးထားတာ မဟုတ်တဲ့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး ရုံးကလည်း ကူညီ မပေးနိုင်ပါဘူး။ ဒါကြောင့် ဒီဒုက္ခသည်တွေအတွက် လူမှုအခြေပြု ကူညီစောင့်ရှောက်ရေး အဖွဲ့တွေက ဝိုင်းဝန်း ကူညီပေးနေကြရပါတယ်။ နေရပ် ပြန်ပို့ခံရတဲ့ ဒုက္ခသည် ၃၀၀ လောက်ကတော့ မြန်မာနိုင်ငံ နေရပ်မှာ စစ်ရေး မပြေလည်သေးတာကြောင့် အခုတော့ ထိုင်း၊ မြန်မာ နယ်စပ်မှာ ဆက်ပြီး နေထိုင်နေကြပါတယ်။

XS
SM
MD
LG