သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အပူပိုင်းမုန်တိုင်း Pabuk ဘေး မြန်မာရွှေ့ပြောင်းလုပ်သားတွေသိပ်မခံရ


photo - ထိုင်းစစ်တပ်
photo - ထိုင်းစစ်တပ်

ထိုင်းနိုင်ငံတောင်ပိုင်း Nakhon Si Thammarat ခရိုင်ထဲကို Pabuk အပူပိုင်းမုန်တိုင်း မဝင်ခင်ကတည်းက ထိုင်းအစိုးရက ကြိုတင်သတိပေးချက်တွေနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားတဲ့အတွက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဆိုးဆိုးဝါးဝါး အခက်အခဲဖြစ်နေသံ မကြားရသေးကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်က ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲက ခရိုင်အသီးသီးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနည်းဆုံး သိန်းနဲ့ချီပြီး အလုပ်လုပ်နေကြတာပါ။ ထိုင်းအစိုးရရဲ့ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေကြောင့် ထိုင်းတောင်ပိုင်း အပူပိုင်းမုန်တိုင်းဝင်ရာ နေရာတွေမှာ ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေ တစုံတခုဖြစ်လို့ အကူအညီတောင်းလာတယ်ဆိုတာမျိုး မရှိသေးကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ထိုင်းအစိုးရကလည်း ဒီမုန်တိုင်း လာကိုလာမယ်ဆိုတာကို ကြိုတင်ပြီး ခရိုင်ဒေသကအစ အတိအကျ ကြိုတင်ကြေညာထားတဲ့အတွက် ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကတော့ အခုထိ အခက်အခဲတွေ ဖြစ်နေတယ်ဆိုတာမျိုး မကြားရသေးပါဘူး။”

ထိုင်းအစိုးရအနေနဲ့ မုန်တိုင်းသတိပေးချက်ကို ကြိုတင်ထုတ်ပြန်ထားတဲ့အတွက်ကော၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းထားတဲ့အတွက်ပါ ထိုင်းတောင်ပိုင်းက ပြည်သူတွေအနေနဲ့ မုန်တိုင်းဝင်ရောက်ချိန်မှာ ဆိုးဆိုးဝါးဝါးတွေ မကြုံခဲ့ကြရကြောင်းလည်း သူက ပြောပါတယ်။

“မိုးလေဝသ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် သတင်းထုတ်ပြန်ချက်လုပ်ထားပြီးနောက် အဲဒီဒေသမှာ ဘယ်လို ပြင်ဆင်ရမယ်၊ ဖြစ်ပေါ်လာမယ့်ကိစ္စတွေအတွက် ပြင်ဆင်ထားတယ်၊ ပြီးတော့ အဲဒီဒေသတွေမှာ အရေးပေါ် ကယ်ဆယ်ရေးတွေလည်း လုပ်ထားတယ်။ ကူညီကယ်ဆယ်ဖို့ လုံခြုံရေးတွေလည်း အပြည့်အဝ ချထားတဲ့ အတွက် ဆိုးဆိုးဝါးဝါး ဖြစ်လာတာကို မတွေ့ရပါဘူး။”

မုန်တိုင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တွေ တိုက်ခတ်နေသလို ပင်လယ်ပြင်မှာလည်း လှိုင်းကြီးနေပါတယ်။ အဲဒီဒေသတွေမှာ ထိုင်းစစ်တပ်က အရေးပေါ် ဆေးရုံတွေ လုပ်ပေးထားပြီး မုန်တိုင်းသင့် ပြည်သူတွေကို ကယ်ဆယ်ရေး လုံခြုံရေး အပြည့်အဝ ချပေးထားပါတယ်။ ပတ်သနီခရိုင်တွင်း ပင်လယ်ပြင်မှာ ငါးဖမ်းလှေတစီးတိမ်းမှောက်ပြီး ထိုင်းနိုင်ငံသားတဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG