သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလွှတ်တော်မှာ မြန်မာ့အရေး ပထမနေ့ဆွေးနွေး


ထိုင်းလွှတ်တော်အဆောက်အဦ
ထိုင်းလွှတ်တော်အဆောက်အဦ

မြန်မာနိုင်ငံအပေါ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒကို အသစ်ပြင်ဆင်ချမှတ်ဖို့ ထိုင်းလွှတ်တော်အမတ်တွေက လိုလားနေကြတယ်လို့ ဒီကနေ့ ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတချို့က VOA မြန်မာပိုင်းကို ပြောပါတယ်။

ထိုင်းလွှတ်တော်မှာ ဒီကနေ့နဲ့ မနက်ဖြန် ၂ ရက်ကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးမှုဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး အဖြေရှာနိုင်အောင် အဓိကျသူတွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပထမအဆင့် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ဒီပွဲကိုဆောင်ကျင်းပတဲ့ ထိုင်းအတိုက်အခံ Move Forward ပါတီ လွှတ်တော်အမတ် Rangsiman Rome(လန်စီမံ လုမ်း) က ပြောပါတယ်။ ဆွေးနွေးပွဲတက်ရောက်နေတဲ့ ရှေ့ပြေးအသံအဖွဲ့က မခင်ဥမ္မာကလည်း VOA မြန်မာပိုင်းကို အခုလို ပြောပါတယ်။

"အရမ်းအားရစရာ ကောင်းပါတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာ အခုလက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တွေ့ဆုံမှုအပိုင်းက ကျမတို့နိုင်ငံ ပြည်သူတွေ၊ တော်လှန်ရေးလုပ်ပြီး ကြိုးစားနေတဲ့အပေါ်မှာ အသိအမှတ်ပြုတယ်။ နားလည်အောင် ကြိုးစားတယ်။ ဝိုင်းထောက်ပေးဖို့ ကြိုးစားတယ်။ ပံ့ပိုးဖို့ကြိုးစားတယ်ဆိုတဲ့ဟာ အင်မတန်မှ အားရစရာကောင်းပါတယ်။"

မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင်း ထိုင်းနိုင်ငံ နယ်စပ်ဒေသတလျှောက် စစ်ပြေးဒုက္ခသည်တွေ အများအပြား ခိုလှုံနေရချိန်မှာ ဒုက္ခရောက်နေသူအားလုံးကို လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်အောင် လမ်းကြောင်းဖွင့်နိုင်ရေး ကိစ္စကိုလည်း ဒီကနေ့ ဆွေးနွေးပွဲမှာ အဓိထားတင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီတွေ မြန်မာနိုင်ငံအတွက် ပေးနိုင်ရေးမှာ အဓိကကျတဲ့ ထိုင်းအစိုးရနဲ့ လွှတ်တော်အနေနဲ့ မြန်မာ့အရေးအတွက် တွန်းတွန်းတိုက်တိုက် လုပ်ပေးဖို့ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ New York မြို့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းအစိုးရက နယ်စပ်ကတဆင့် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့ဖို့ ဆောင်ရွက်နေချိန်မှာ ဒီအကူအညီတွေကို လိုအပ်နေသူတွေဆီ ထိထိရောက်ရောက်ပေးနိုင်ရေး မြန်မာ့အရေးဆောင်ရွက်သူတွေအနေနဲ့ ထိုင်းအစိုးရကို တောင်းဆိုဖို့ လိုအပ်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ဒီနေ့စတင်တဲ့ မြန်မာ့အရေး ထိုင်းလွှတ်တော်တွင်း ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara (ပန်ပရီ ဖဟိ ဌာနုကွန်) မိန့်ခွန်းပြောဖို့ အစပိုင်းက အစီအစဉ်ရှိပေမဲ့ ဒီအစီအစဉ်ကို ဖျက်ခဲ့ပါတယ်။

ထိုင်း-မြန်မာ အပြန်အလှန်ဆက်ဆံရေး ထိခိုက်စေတဲ့ ဆွေးနွေးပွဲမျိုးဖြစ်လို့ ထိုင်းလွှတ်တော်စီစဉ်တဲ့ပွဲကို ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံခြားရေးဌာနကို စာပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်အတွင်း အတိုက်အခံ Move Forward ပါတီက ဦးဆောင်ပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီ ညီလာခံကို ထိုင်းလွှတ်တော်အမတ်တွေအပြင် NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ပရောက် မြန်မာသတင်းမီဒီအတော်များများက တာဝန်ရှိသူတွေ၊ တတ်သိပညာရှင်တွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင် တက်ရောက်ကြပါတယ်။

Forum

XS
SM
MD
LG