သုံးရလွယ်ကူစေသည့် Link များ

ထိုင်းအာဏာသိမ်းမှု ဆက်လက်ဆန္ဒပြ

  • ဗွီအိုအေ (မြန်မာဌာန)

ဘန်ကောက်မြို့တော်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပွဲတွေကို ထိန်းချုပ်ဖို့ လူသွားဖြတ်လမ်းတွေကို သော့ခတ်ပိတ်ဆို့လိုက်ပြီးနောက် လမ်းသွား လမ်းလာတွေကို တောင်းပန်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး။ (မေ ၂၅၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ လူအများကြီးမစုဝေးရဘူးလို့ စစ်အစိုးရက တားမြစ်ထားပေမယ့် နိုင်ငံတလွှားမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ စစ်သားတွေက တနင်္ဂနွေမနက်မှာ ဘန်ကောက်မြို့ထဲဝင်ပြီး ဖမ်းဆီးနေတာကြောင့် ကစဥ့်ကလျားဖြစ်ကုန်ပြီး ဒေါသထွက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ပရာရွတ် ချန် အိုချာ က သောကြာနေ့မှာပဲ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ်နဲ့ ကြေညာသွားပြီး နောက်တရက် စနေနေ့မှာတော့ သူ့ရဲ့စစ်အစိုးရက ထိုင်းနိုင်ငံရဲ့ အထက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။

နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်၊ ပြီးတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ အခုလို ဆောင်ရွက်ရတာပါလို့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ်က ဆိုပါတယ်။

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်ထိုင်းဆူဘာဒရီ ကတော့ ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီက တခြားနိုင်ငံတွေနဲ့ မတူပါဘူးလို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီက တခြားနိုင်ငံတွေနဲ့ မတူပါဘူး၊ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပါတယ်-ဆိုပြီး ပြောသွားပါတယ်။
ထိုင်းအာဏာသိမ်းစစ်တပ်က ဖြုတ်ချခံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နဲ့ တခြား ဖြုတ်ချခံအရာရှိတွေကို တစ်ပတ်လောက်အထိ ဆက်ပြီးထိန်းသိမ်းထားမယ်လို့ စနေနေ့က ကြေညာခဲ့ပါတယ်။

ထိုင်းရဲ့အခုလို အာဏာသိမ်းမှုကို နိုင်ငံတကာက ဝေဖန်နေကြတဲ့အထဲမှာတော့ အမေရိကန်ပြည်ထောင်စုက ထိုင်းနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်နေတာနဲ့ အမေရိကန်နဲ့ထိုင်း စစ်တပ်အရာရှိတွေ အပြန်အလှန် လာရောက်ဖို့ စီစဉ်ထားတာတွေကို ဖျက်သိမ်းလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ကပဲ ကြေညာသွားပါတယ်။
တချိန်တည်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗုံးတွေ အချိန်ကိုက် ပေါက်ကွဲခဲ့လို့ လူ ၃ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG