သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းဒုစရိုက်မှုတွေ ပူးပေါင်းနှိမ်နှင်းဖို့လို

ထိုင်းဝန်ကြီးချုပ် Srettha Thavisin (Photo by Lillian SUWANRUMPHA / AFP)
ထိုင်းဝန်ကြီးချုပ် Srettha Thavisin (Photo by Lillian SUWANRUMPHA / AFP)

နယ်စပ်ဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နှိမ်နှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိက သော့ချက်ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။

“အွန်လိုင်း (Online) လောင်းကစားမှုတွေ၊ အွန်လိုင်း ငွေလိမ်မှုတွေကို ဒုစရိုက်သမားတွေက နယ်စပ်ဖြတ်ကျော် လုပ်နေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်မှာ ဒုစရိုက်ဂိုဏ်းသားတွေကို ဖမ်းမိတယ်ဆိုဦးတော့ ဒီလုပ်ငန်းတွေဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဘက် ပြောင်းပြီးဆက်လုပ်နေကြပါတယ်။ ထိုင်းနိုင်ငံဘက်က နှိမ်နင်းမှုတွေကတော့ သိပ်အောင်မြင်နေပါတယ်။ ဒါကြောင့် အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ခြင်းကသာ အောင်မြင်မှုရနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က တရုတ်သတင်းဌာန CCTV နဲ့ မနေ့ သောကြာနေ့က ပြုလုပ်တဲ့ သီးခြားပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။

ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ အွန်လိုင်းလောင်းကစားမှုတွေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းတိုက်ဖျက်နေကြောင်းလည်း ဝန်ကြီးချုပ် Srettha Thavisin က တရုတ်သတင်းဌာန CCTV နဲ့ သီးသန့်ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ပထမအသုတ်အဖြစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့လေဆိပ်ကတဆင့် တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၁၁ ယောက်ကိုတော့ မနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်မှာ မြန်မာအာဏာပိုင်တွေက တာချီလိတ်-မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။

This item is part of

Forum

​
XS
SM
MD
LG