သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် နေပြည်တော်ရောက်


ထိုင်းဝန်ကြီးချုပ် ယင်းလပ်။ (File Photo - September 15, 2011)
ထိုင်းဝန်ကြီးချုပ် ယင်းလပ်။ (File Photo - September 15, 2011)

ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ် ရှင်နာဝပ်ဟာ အာဆီယံအသင်းဝင် အနီးကပ်ဆုံး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို မိတ်ဆက် ချစ်ကြည်ရေးခရီး ရောက်ရှိနေပါတယ်။ ဒီနေ့ခရီးစဉ်အတွင်း အိမ်ရှင် သမ္မတနဲ့ရော၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိူးတူ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတဲ့အပြင် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေး ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံတယ်ဆိုတာကိုပါ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရတဲ့ ယင်းလပ် ရှင်နာဝပ်ဟာ အာဆီယံအသင်းဝင် နိုင်ငံတွေကို မိတ်ဆက် ချစ်ကြည်ရေးခရီး ထွက်တဲ့ အစီအစဉ်အရ လက်ရှိ မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို အခုရောက်ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ် ရှင်နာဝပ်ရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံခြားရေးဌာနကို ဆက်သွယ် မေးမြန်းရာမှာ သံတမန်ရေးရာ ဦးစီးဌာန တာဝန်ခံ အရာရှိတဦးက အခုလို ဗီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

"ကျနော်သိသလောက်က ၂ နာရီခွဲပါ ခင်ဗျ။"

ဟုတ်ကဲ့။ ဒီနေ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ နဲနဲလေး ပြောပြပေးလို့ ရမလားရှင့်။

"အစီအစဉ်က အပြောင်းအလဲတွေ ရှိနေတော့ ကျနော်လဲ အတိအကျ ပြောလို့ မရလို့ပါ။"

ကျမတို့သိတာတော့ ဘုရားဖူးမယ်လို့ သိပါတယ်ရှင့်။

"ဟုတ်ပါတယ်၊ ဘုရားဖူးပါမယ်။ ကျနော်တို့ နိုင်ငံတော် အကြီးအကဲတွေကို ဂါရ၀ ပြုပါမယ်။ ပြီးရင် ညဘက် Dinner (ညစာ) စားပြီး ပြန်ပါမယ် ခင်ဗျာ။ အဲဒါပါဘဲ ခင်ဗျ။ နေ့ချင်း ပြန်ပါမယ်။"

ဧည့်သည်တော် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ အိမ်ရှင် သမ္မတ ဦးသိန်းစိန်အပြင် မြန်မာအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို အာရုံစိုက် ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက ဗီအိုအေကို ပြောထားပြီး ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က အိမ်ရှင် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါမှာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးကို ထိုင်းနိုင်ငံက ထောက်ခံတဲ့အကြောင်း အလေးအနက် ပြောဆိုတယ်လို့လည်း သိရပါတယ်။

နိုင်ငံအချင်းချင်း ဆက်ဆံကြတဲ့နေရာမှာ ခေါင်းဆောင်အချင်းချင်းသာ ချစ်ကြည်ရေးအရ ဆက်ဆံတာ မဟုတ်ဘဲ ပြည်သူ လူထုတွေနဲ့လည်း ထိတွေ့ ဆက်ဆံဖို့ လိုတဲ့အတွက်ကြောင့် နိုင်ငံခြားက နိုင်ငံ့ ခေါင်းဆောင်တွေ နေပြည်တော်ကို လာရောက်တဲ့အခါမှာ ဒေသခံ လူထုအနေနဲ့ ပါဝင်မှု ရှိမရှိ သိရအောင်လို့ နေပြည်တော်အနီး လယ်ဝေးမြို့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် ဝင်ရောက် အရွေးခံခဲ့တဲ့ ဆရာကြီး ဦးတင်အေးကို မေးကြည့်ခဲ့ပါတယ်။

"မကြိုဆိုရပါဘူးဗျာ။ လူတွေ တန်းစီမှာတို့၊ စုမှာတို့ကို သူတို့က ကြောက်နေတာ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် လေယာဉ်ပျံကွင်းကို သွားတာ လာတာကအစ ရဲတို့ တပ်တို့နဲ့ ပိတ်ထားတာ။ အနားကို မကပ်ရတာ။"

ခရီးစဉ် အစီအစဉ်အရ နေပြည်တော်မှာ တည်ထားကိုးကွယ်တဲ့ ဥပ္ပါဒသန္တိ စေတီတော်ကို ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ အဖွဲ့ ဖူးမျှော်မယ့် အစီအစဉ်နဲ့ ဆင်ဖြူတော်တွေကိုလည်း ကြည့်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး ဦးတင်အေးက အခုလို ပြောပြပါတယ်။

"ဟုတ်ကဲ့၊ ဆင်ဖြူတော်က အရှေ့ဖက်မှာ ကပ်ရက်ဘဲ။ လမ်းကူးလိုက်ရင် ရောက်တယ်။ ၃ ကောင် ရှိတယ်။ ဘုရားနဲ့ မျက်နှာချင်းဆိုင်ဘဲ။ သတ္တာ သတ္တာ ၇ ဌာန ဥယာဉ်တွေလဲ လုပ်ထားတယ်။"

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ နေပြည်တော် ခရီးစဉ် အတွင်းမှာ အရင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ ထိုင်း ဝန်ကြီးချုပ်ရုံးက ဒါဟာ ဝန်ကြီးချုပ်သစ်ရဲ့ တရားဝင် ခရီးစဉ်ဖြစ်တာကြောင့် အငြိမ်းစားယူသွားတဲ့ ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆိုတာကလည်း ခရီးစဉ်က နေပြည်တော်ကနေ နေ့ချင်းပြန် ခရီး ဖြစ်တာကြောင့်ရယ်၊ တရားဝင် မိတ်ဆက်ခရီး ဖြစ်တာကြောင့်ရယ် တွေ့ဆုံနိုင်မှာ မဟုတ်တဲ့အကြောင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ရဲ့ အကို သတ်ခ်ဆင် ရှင်နာဝပ် ဝန်ကြီးချုပ် လက်ထက်တုန်းကတော့ မြန်မာစစ်အစိုးရနဲ့ ဘဏ္ဍာရေး၊ စီးပွားရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာ ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာ ရှိတာမို့လို့ ယင်းလပ် ရှင်နာဝပ်ရဲ့ လက်ထက်မှာလည်း အလားတူ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလိမ့်မယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် မစ္စ ယင်းလပ် ရှင်နာဝပ်ဟာ အာဆီယံ အသင်းဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မလေးရှားနိုင်ငံတွေကို မိတ်ဆက် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီးတော့ အခု မြန်မာနိုင်ငံရဲ့ နေပြည်တော်မှာ ချစ်ကြည်ရေး ခရီး ရောက်ရှိနေပြီး ဒီနေ့ည သမ္မတကြီး ဦးသိန်းစိန် တည်ခင်း ဧည့်ခံတဲ့ နိုင်ငံတော် ညစာစားပွဲကို တက်ရောက်ပြီး ညတွင်းချင်း ထိုင်းနိုင်ငံကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG