သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားမည်


ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားမည်
ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားမည်

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ခ် ရှင်နာဝပ် (Yingluck Shinawatra) ဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ ၅ ရက်နေ့ သွားရောက် လည်ပတ်တဲ့အခါ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ခ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ခွန် ခန်နစ် (Khun Kanit) က အခုလို ပြောပြပါတယ်။

“ဒီခရီးစဉ်ဟာ အာဆီယံအဖွဲ့ဝင် ဝန်ကြီးချုပ် အသစ်တယောက် အနေနဲ့ အာဆီယံ နိုင်ငံတွေကို မိတ်ဆက်တဲ့ အနေနဲ့ သွားရောက်မယ့် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိပါဘူး။ အဓိကကတော့ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်ရေး ထိုင်းနိုင်ငံက ထောက်ခံ အားပေးတယ်ဆိုတာ မြန်မာဝန်ကြီးချုပ်ကို အသိပေး အကြောင်းကြားဖို့ သွားတာ ဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခွန် ခန်နစ်က ပြောသွားတာပါ။

ဝန်ကြီးချုပ် ယင်းလပ်ခ်ဟာ အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ နေပြည်တော်ကို ရောက်မှာဖြစ်ပြီး အဲဒီမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတာနဲ့ ထိုင်းနိုင်ငံကို နေ့တွင်းချင်း ပြန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းကတော့ ဝန်ကြီးချုပ် ယင်းလပ်ခ် မြန်မာနိုင်ငံကို သွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ အစီအစဉ် ရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာပါ။

မစ်စ် ယင်းလပ်ခ် ဦးဆောင်တဲ့ ဖွေထိုင်းပါတီ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဇူလိုင်လ ၃ ရက်နေ့တုန်းက ယင်းလပ်ခ်ကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG