သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အင်အား စတင်ချိနဲ့လာ (ထိုင်းဝန်ကြီးချုပ်)


ထိုင်းဝန်ကြီးချုပ် Srettha Thavisin
ထိုင်းဝန်ကြီးချုပ် Srettha Thavisin

မြန်မာစစ်ကောင်စီဟာ အင်အားချိနဲ့ လာနေတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အချိန်ကောင်း ဖြစ်လိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

"လက်ရှိ စစ်ကောင်စီဟာ အင်အားစတင်လျော့ကျလာနေပြီဆိုတာ ကျနော်တို့အားလုံး သိကြမယ်ထင်ပါတယ်။" လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က Reuters သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောလိုက်တာပါ။ အင်အားချိနဲ့လာတယ် ဆိုပေမဲ့ အာဏာနဲ့ လက်နက် ရှိနေဆဲ ဖြစ်တာကြောင့် စေ့စပ်ညှိနှိုင်းသင့်တယ်လို့ ယူဆကြောင်းလည်း အကြံပေးခဲ့တာပါ။

ထိုင်းနိုင်ငံနဲ့ နယ်စပ်ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေ အရေးနိမ့်လာတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်းဝန်ကြီးချုပ် Srettha အာဏာရလာခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရဟာ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့တာပါ။ မတ်လတုန်းကလည်း ထိုင်းပါလီမန်မှာ မြန်မာ့အရေးဆွေးနွေးမှုတွေ ရှိခဲ့သလို၊ စာနာမှု အကူအညီပေးရေး အစီအစဉ်တွေကိုလည်း စတင်ခဲ့ပါတယ်။

"မြန်မာနိုင်ငံသာ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်း သာယာမယ်ဆိုရင် ထိုင်းနိုင်ငံက အမြတ်အစွန်း အများဆုံး ရမယ့်နိုင်ငံပါ" လို့လည်း ထိုင်းဝန်ကြီးချုပ်ကပြောသွားပါသေးတယ်။

မနက်ဖြန်မှာလည်း ထိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတွေ၊ လုံခြုံရေးအရာရှိတွေနဲ့ မြန်မာ့အရေး အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ဝန်ကြီးချုပ် Srettha ပြောပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Chai Watcharong ကတော့ ထိုင်းအစိုးရအနေနဲ့ သူ့ရဲ့မူဝါဒအတိုင်း နိုင်ငံတကာ ပဋိပက္ခတွေမှာ ဘက်မလိုက်ဘဲ ပဋိပက္ခကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အင်အား စတင်ချိနဲ့လာ (ထိုင်းဝန်ကြီးချုပ်)
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG