ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ထားတဲ့အတွက် ဖမ်းဆီးပြီး ထိုင်းနိုင်ငံကို ပြန်ပို့ဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုမယ်လို့ ထိုင်းနိုင်ငံက ပြောလိုက်ပါတယ်။
မကြာသေးခင်က သူ့ကိုထောက်ခံသူတွေ ဆင်နွှဲခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေကို ငွေကြေးအရ ထောက်ခံခဲ့တဲ့အပြင် လှုံ့ဆော်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ မစ္စတာသက်ဆင်ကို ဖမ်းဆီးဖို့ ထိုင်းတရားရုံးတရုံးက အင်္ဂါနေ့မှာ ဝရမ်းထုတ်ပြန်လိုက်ပါတယ်။ သက်ဆင်ရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်ဝါဒအဆင့်အထိ ကျူးလွန်ရာရောက်သွားတယ်လို့ စွပ်စွဲထားပါတယ်။
ရှပ်နီဝတ် ဆန္ဒပြသူတွေက ဘန်ကောက်မြို့ရဲ့ စီးပွားရေးအချက်အချာနေရာကို ၂ လကြာ သိမ်းပိုက်ထားခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်တပ်က အကြမ်းနည်းနဲ့ ချေမှုန်းလိုက်တဲ့အချိန်အထိ ဖြစ်ပါတယ်။ ဆန္ဒပြမှုနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူအနည်းဆုံး ၈၈ ယောက် သေဆုံးသွားခဲ့ရပါတယ်။
မစ္စတာသက်ဆင်ဟာ ပြည်ပမှာ နေထိုင်နေပြီး နိုင်ငံတော်တော်များများမှာ ခိုလှုံနေခဲ့ကြပါတယ်။ သူဟာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်တုန်းကမှ မထောက်ခံခဲ့ဘဲ ငြိမ်းချမ်းစွာဆန္ဒပြဖို့သာ အမြဲဆော်သြ စည်းရုံးခဲ့တယ်လို့ မစ္စတာသက်ဆင်က သြစတြေးလျ ရုပ်သံလွှင့် ကော်ပိုရေးရှင်းနဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။