အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန် ရောဂါ ကူးစက်ခံရသူ တဦး ထိုင်းနိုင်ငံမှာ တွေ့ရှိရကြောင်း အတည်ပြုခဲ့ပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ပြည်သူတွေအနေနဲ့ ထိတ်လန့် တုန်လှုပ် ဖြစ် မနေကြဖို့ တိုက်တွန်း လိုက်ပါတယ်။
ရောဂါ မပျံ့နှံ့အောင် သတိထားကိုင်တွယ်နေကြောင်းနဲ့ ရောဂါကူးစက်ခံထားရတယ်လို့ သံသယရှိသူတွေ တွေ့ရင် ဆေးရုံကို အမြန်ဆုံး ဆက်သွယ်ဖို့နဲ့ အချင်းချင်း ကူညီပြီး သတိနဲ့ နေထိုင်ကြဖို့ မစ္စတာ ပရာရွတ်က ဒီကနေ့ သတင်းထောက်တွေကို ပြောဆို သွားတာပါ။ည နှလုံးရောဂါ ကုသဖို့အတွက် အိုမန်နိုင်ငံကနေ ထိုင်းနိုင်ငံကိုလာတဲ့ လူနာတဦးမှာ MERS ရောဂါပိုး တွေ့ရှိရကြောင်းကို ကြာသပတေးနေ့က အတည်ပြု ထားတာပါ။
ရောဂါရှိနေသူ အိုမန်ကနေ ဘန်ကောက်ကို လိုက်ပါလာတဲ့ လေယာဉ်ပေါ်မှာ သူနဲ့ အနီးအနား ထိုင်ခုံတွေမှာ ထိုင်ခဲ့ကြသူတွေ၊ ကျန်မားရေးဝန်ထမ်းတွေ၊ ဟိုတယ်ဝန်ထမ်းတွေနဲ့ တက္ကဆီသမား အပါအ၀င် လူ ၉ ဦးကိုလည်း ရောဂါ ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးမှုတွေ ပြလုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ကူးစက်ရောဂါ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Thanarath Phalipat က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသပြီးရင် MERS ရောဂါ အများဆုံး ဖြစ်ပွားနေ တဲ့ တောင်ကိုရီးယား နိုင်ငံမှာတော့ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှု ကျဆင်းလာတဲ့အကြောင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဒီကနေ့ သောကြာနေ့မှာ ရောဂါ ထပ်မံဖြစ်ပွားမှု နောက်တခုသာ ရှိတယ်လို့ အတည်ပြုထား ပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာ MERS ရောဂါကြောင့် သေဆုံးသူ ၂၄ ဦး ရှိပြီး ရောဂါဖြစ်ပွားမှုပေါင်း ၁၆၆ ဦး ရှိတဲ့အကြောင်း အတည်ပြုထားပါတယ်။