သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရမည့် ရိုဟင်ဂျာတွေ ထိုင်းရဲကယ်တင်


ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ရွှေ့ပြောင်းခေါ်ဆောင်နေစဉ်။ (ဇန်နဝါရီ ၂၈၊ ၂၀၀၉)
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ရွှေ့ပြောင်းခေါ်ဆောင်နေစဉ်။ (ဇန်နဝါရီ ၂၈၊ ၂၀၀၉)
ထိုင်းနိုင်ငံက ဝေးလံခေါင်ဖျားတဲ့စခန်းတခုမှာ ရောက်နေကြတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ကယ်တင်လိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အရာရှိတွေက တနင်္လာနေ့မှာ ပြောပါတယ်။ ဒါဟာ လူမှောင်ခိုကူးမှုနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက ပြုလုပ်တဲ့စုံစမ်းမှုကို အခြေခံပြီး ရှာဖွေ တွေ့ရှိသွားတာလည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း Songkhla ခရိုင်အတွင်းက လူမှောင်ခိုကူးသူတွေ အသုံးပြုလေ့ရှိတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ အဲဒီစခန်းက အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၅၃၁ ယောက်ကို တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်တာပါ။ ဒါဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးမိပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ဖမ်းဆီးမိခြင်းလည်း ဖြစ်ပါတယ်။

မိသားစုဝင်တွေက ငွေပေးတော့မှ အခုလို ပြန်ပေးဆွဲတဲ့သဘောနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးတယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ရိုက်တာရဲ့ သတင်းပေးပို့ချက်အပေါ် အခြေခံပြီး လိုက်လံစုံစမ်းရာက အခုလို ရှာဖွေ တွေ့ရှိခြင်းဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းခံထားရသူတွေထဲက တချို့ဆိုရင် ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကလာတဲ့ တိုင်းပြည်မဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ မနှစ်က ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက်ပိုင်း လူပေါင်း ( ၁ သိန်း၊ ၄ သောင်း) လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲဒီထဲက အများစုဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကစလို့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ လှေနဲ့ထွက်ပြေးလာကြတာမှာ အများစုဟာ ထိုင်းနိုင်ငံအနောက်တောင်ပိုင်းဒေသကို ရောက်လာကြတယ်လို့ ဆိုပါတယ်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေးမှာ ဖမ်းဆီးခံထားရသူတွေကို လူမှောင်ခိုကူးသူတွေထံ ရောင်းစားနေတယ်ဆိုတဲ့ နိုင်ငံပေါင်း ၃ နိုင်ငံကိုအခြေခံပြီး ၃ လကြာ ပြုလုပ်ခဲ့တဲ့ ရိုက်တာ သတင်းဌာနရဲ့ တွေ့ရှိမှုတွေကို စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က တောင်းဆိုထားပါတယ်။ အခုဖမ်းဆီးရမိသူအားလုံးဟာ ရိုဟင်ဂျာတွေချည်းမဟုတ်တဲ့အတွက် သူတို့ဘယ်ကလာတယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပါတယ်။
XS
SM
MD
LG