သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုနဲ့ ဆက်နွယ်ပြီး ထိုင်းရဲအရာရှိ ၅၀ ကျော် အရေးယူခံရ


ထိုင်းလူကုန်ကူးဂိုဏ်း သံသယရှိသူတွေ ဖမ်းဆီးရမိကြောင်း ထိုင်းရဲချုပ် Somyot Poompanmoung သတင်းစာရှင်းလင်း။ (မေ ၅-၂၀၁၅)
ထိုင်းလူကုန်ကူးဂိုဏ်း သံသယရှိသူတွေ ဖမ်းဆီးရမိကြောင်း ထိုင်းရဲချုပ် Somyot Poompanmoung သတင်းစာရှင်းလင်း။ (မေ ၅-၂၀၁၅)

ထိုင်းရဲတပ်ဖွဲ့ထဲမှာ လူကုန်ကူးမူနဲ့ ဆက်စပ် ပတ်သက်တယ်လို့ သံသယရှိနေတဲ့ ထိုင်းရဲ ၅၀ ထက် မနည်းကို အရေးယူဆောင်ရွက်မူတွေ လုပ်နေတယ်လို့ ထိုင်းနိုင်ငံ ရဲချုပ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်ကလည်း မလေးနယ်စပ်က လူကုန်ကူးနေတဲ့ စခန်းတွေကို ရှာဖွေပြီး ၁၀ရက်အတွင်း ပိတ်ပစ်ဖို့ အတွက် အမိန့်ပေး ထားပါတယ်။ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်း တပတ်ကျော်က ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်က ဆုံခလာ ခရိုင်ထဲမှာ ရုပ်အလောင်းတွေ တွေရှိပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံက လူကုန်ကူးမှုနဲ့ ပတ်သက် ဆက်နွယ်သူတွေလို့ သံသယရှိတဲ့ ရဲအာဏာပိုင်တွေကိုပါ စစ်ဆေး အရေးယူနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာအခြေစိုက်ထားတဲ့ Burma Rohingya Association in Thailand (BRAT) အဖွဲ့က ဦးမောင်ကျော်နုကတော့ ဒီလို ဖမ်းဆီးစစ်ဆေးမူတွေ လုပ်တာဟာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူတွေ အတွက် သင်္ခန်းစာဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

"Police တွေဆိုရင် သူတို့ အစုလိုက် အပြုံလိုက် မဟုတ်တာတောင်မှ ကျနော် သိသလောက် အယောက် လေးငါးဆယ်လောက် ပြောင်းရွှေ့လိုက်ပြီ။ သူတို့ကို Demotion လုပ်တယ်။ နောက်ပြီးတော့ နေရာပြောင်းလိုက်တာတွေ ဘာတွေရှိပါတယ်။ အဲ့တာကောင်းပါတယ်။ အဲ့တာ သင်္ခန်းစာ တခုဖြစ်သွားပါတယ်။"

ရိုဟင်ဂျာတွေကို လူကုန်ကူးမူတွေနဲ့ ပတ်သက်လို့ ထိုင်းလုံုခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ အနုစစ်က တော့ ဒီနေ့မှာပဲ သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

"ဒီလို လူကုန်ကူးတဲ့စခန်းတွေ မြှုပ်နှံထားတဲ့ နေရာတွေ တခြားနယ်မြေတွေမှာရော ရှိနေသေးသလား ဆိုတာ စစ်ဆေးနေကြောင်း အလားတူ ဖြစ်ရပ်မျိုးတွေ အိမ်နီနားချင်းနိုင်ငံတွေမှာရော ရှိနေသလားဆိုတာ စုံစမ်းနေကြောင်းနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ လူကုန်ကူးမှုတွေ ကွင်းဆက်တွေကို သေချာ စုံစမ်းဖော်ထုတ် သွားမယ်လို့ ပြောသွားပါတယ်။ လူကုန်ကူးမှုတွေ ပြသနာတွေ ကိုဖြေရှင်းဖို့ အခု အစိုးရလက်ထက်မှာ သေသေချာချာလုပ်ဆောင်နေပါတယ် ဒါအပြင် နိုင်ငံတော် လုံုခြုံရေးနဲ့ လူအခွင့်အရေးကို ညီမျှအောင်လုပ်ဖို့လိုကြောင်း ရိုဟင်ဂျာတွေ အပြင် တခြားလူကုန်ကူးမူတွေကိုပါ စစ်ဆေးအရေးယူ သွားမှာဖြစ်ပါတယ်" ဆိုပြီး ပြောကြားသွားခဲ့တာပါ။

မြန်မာပြည် အနောက်ခြမ်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားနယ်စပ်ကနေ တရား မဝင်လှေတွေနဲ့ သယ်ဆောင် လာရာမှာ တချို့ကတော့ အလုပ်အကိုင် ရှာဖွေ လိုတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေဖြစ်ကြပါတယ်။ ထိုင်းရေတပ်ကလည်း မကြာခန ဖမ်းဆီးမိသလို ထိုင်းနိုင်ငံ ဖန်းငခရိုင်တွင်းမှာလည်း ဖမ်းဆီးမိ တာတွေရှိပါတယ်။ သူတို့ကို ထိန်းသိမ်းရေးစခန်း ပို့ထားပေမဲ့ ထွက်ပြေး လွတ်မြောက် သွားတာတွေ ရှိသလို အဲ့ဒီနေရာတွေက ပြန်လွတ်တဲ့ အခါမှာ လည်း ရောင်းစားခံရမူတွေ ရှိနေတယ်လို့ ဦးမောင်ကျော်နုက ဆက်ပြော သွားပါတယ်။

"၉၀ကျော်% ဟာ လူကုန်ကူးတဲ့လူရဲ့ လက် ရောက်သွားပါတယ်ဗျ။ ဘယ်လိုရောက် လဲ ဆိုတော့ သူတို့ ကို ပြန်လွှတ်ပေးမယ်ဆိုပြီး ရနောင်း ကနေ ကော့သောင်း ကို လွှတ်ပေးမယ်လို့ လုပ်ပေမဲ့လို့ ဒီကြားမှာပဲ နယ်စပ် ကနေပြီးတော့ ပြန်လွှတ်ပေး တယ်ဆိုတဲ့နေရာကနေ ပြန်ပြီးတော့ တခါ သူတို့ လက်ထဲမှာပဲ ရောက် သွားတယ် ခင်ဗျ။ "

ဒီလို ရွှေ့ပြောင်း အခြေချနေထိုင်နေသူတွေ နဲ့ ပတ်သက်လို့ လူကုန်ကူးခံရ တာတွေရှိနေတဲ့ အတွက် ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ဝေဖန်ခံနေရတာပါ။ ဒီအတွက် ထိုင်းနိုင်ငံက စစ်အစိုးရ တက်လာပြီးတဲ့နောက် တင်းတင်းကြပ်ကြပ် သေချာကိုင်တွယ်မှု တွေ လုပ်လာပါတယ်။

အခု ရုပ်အလောင်းတွေ တွေရှိပြီးတဲ့နောက်မှာ ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူဆောင်ရွက် တာအပြင် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သံသယရှိတဲ့ ရဲအရာရှိတွေ အပါအဝင် ဒေသဆိုင် ရာနိုင်ငံရေးသမားတွေကိုပါ စစ်ဆေး အရေးယူမူတွေလုပ်လာခဲ့တာပါ။ ဒီအစိုးရ လက်ထက်မှာ သေချာ ကိုင်တွယ်ဖြေရှင်းမယ် ဆိုတာကို ယုံကြည်ကြောင်း ဦးမောင်ကျော်နုက ဆက်ပြောသွားပါတယ်။

"ယုံကြည်ပါတယ်။ ကျနော် ယုံကြည်ပါတယ် အခုတက်လာတဲ့အစိုးရက တိုက်ဖျက်မှာပဲ။ ကျနော် လုံးဝ ယုံကြည်ပါတယ်။ တခြားအစိုးရတွေထက်ကို လုပ်မှာပါ။ ဗမာအစိုးရကလည်း ဦးသိန်းစိန် အစိုးရကလည်း ပူးပေါင်းဖို့ကောင်းပါတယ်။ ပူးပေါင်းအောင်လို့လည်း ဒီကနေ ဆက်သွယ်တယ်လို့ ကျနော် သတင်းကြားရပါတယ်။"

အခုဆိုရင် မြေမြုပ်ထားတဲ့ကျင်းပေါင်း ၃၀ကျော် ၄၀နီးပါး ရှာဖွေတွေရှိခဲ့ရာမှာ ရုပ်အလောင်း ၃၂လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ သေဆုံးသူတွေ ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလား နယ်စပ်က ရွှေ့ပြောင်း အခြေချသူတွေအဖြစ် ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပြိး သူတိုတွေဟာ မလေးရှားနိုင်ငံကို သွားဖို့ အတွက် ထိုင်းနိုင်ငံကို တထောက်နားစခန်းအဖြစ် အသုံးချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ ဆိုတဲ့နေရာမှာ ဆလွန်းကားနောက်ခန်းမှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေကို ထည့်ပြီး လူကုန်ကူးခဲ့တဲ့ ထိုင်းလူမျိုး တဦးကို ဖမ်းဆီးခဲ့ပါတယ် ။

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန် တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာ ထဲ မှာ မြန်မာနိုင်ငံ ကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားပေ မယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံ ထားရပါတယ်။

ဒီအတွက် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံတကာ အစိုးရတွေ နဲ့ တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း လူကုန်ကူးမူနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် ရွှေ့ပြောင်း အလုပ်သမားတွေ စီစစ်ရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။

XS
SM
MD
LG