ထိုင်းနိုင်ငံရေးမှာ သြဇာကြီးမားပြီး၊ ဘုရင့်အတိုင်ပင်ခံကောင်စီဝင်တဦးလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Prem Tinsulanonda ဟာ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာတော့ အသက် ၉၈ နှစ် ရှိပြီဖြစ်တယ်လို့ ထိုင်းအစိုးရ လူထုဆက်ဆံရေးဌာနက ကြေငြာလိုက်ပါတယ်။
သူဟာထိုင်းစစ်တပ်ရဲ့အကြီးအကဲတဦးဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်အပေါ်မှာ နှစ်ပေါင်းများစွာသစ္စာခံသူတဦးဖြစ်ပါတယ်။ အထူးသဖြင့်တော့ သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ထိုင်းဘုရင်ဟောင်း ဘူမိဘောအဒူလာဒက်နဲ့ နီးစပ်သူတဦးဖြစ်ပါတယ်။ သူဟာ ၁၉၈၀ ကနေ ၈၈ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထိုင်းစစ်ခေါင်း အတော်များများဟာ အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာကြပေမယ့် ၊ သူကိုတော့ ထိုင်းပါလီမန်က ဝန်ကြီးချုပ်အဖြစ်နဲ့ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
၁၉၈၈ မှာ ဝန်ကြီးချုပ်ရာထူးကနေ ဆင်းပြီးတဲ့နောက်မှာတော့ သူကို ထိုင်းဘုရင် ဘူမိဘောက ဘုရင်ရဲ့ အတိုင်ပင်ခံကောင်စီဝင်အဖြစ် နဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သူနဲ့ ဘုရင်ကြီး ဘူမိဘောတို့ကြား နီးစပ်တဲ့ဆက်ဆံရေးကြောင့် ထိုင်းတော်ဝင်မိသားစု နဲ့ စစ်တပ်ကြား ဆက်ဆံရေးဟာ ပိုပြီးတော့ ခိုင်မာလာခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီး ဝန်ကြီးချုပ်သက်ဆင်အစိုးရကို ဖြုတ်ချတာကို သူ့အနေနဲ့ အာပေးခဲ့တယ်လို့ ဝေဖန်သူတွေက စွပ်စွဲပါတယ်။
Prem ဟာ ထိုင်းနိုင်ငံရေးမှာသာမက၊ ထိုင်းဘုရင်စနစ် နဲ့ တော်ဝင်မိသားစုအတွင်းမှာပဲ ဆယ်စုနှစ်ပေါင်းများစွာ သြဇာကြီးမားသူတစ်ယောက် ဖြစ်ပါတယ်။