သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းထားသူ ၂၅၀ ကျော် ထိုင်းစစ်တပ်ပြန်လွှတ်


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် စစ်အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းထားသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေ လျော့ကျစေဖို့ ကြိုးစားတဲ့အနေနဲ့ ထိန်းသိမ်းထားသူ အများစုကို ပြန်လွှတ်ပေးလိုက်ပြီလို့ ထိုင်းစစ်တပ်က ဒီကနေ့ ပြောဆို လိုက်ပါတယ်။

နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ပညာရှင်တွေ အပါအဝင် လူပေါင်း ၂၅၃ ယောက်ကို စစ်တပ်က ဆင့်ခေါ်ခဲ့တာဖြစ်ပြီး အခု ဒီအထဲက ၁၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်သလို၊ ၇၆ ယောက်ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်ပြီး ကျန်တဲ့ ၅၃ ယောက်ကတော့ ဆင့်ခေါ်ချိန်မှာ ရောက်မလာခဲ့ဘူးလို့ ထိုင်းစစ်ဘက်ပြောခွင့်ရသူ Werachon Sukondhapatipak က ပြောသွားတာပါ။

စစ်တပ်က ပြန်လွှတ်ပေးလိုက်သူတွေရဲ့ မှတ်တမ်းရုပ်ပုံတွေနဲ့ စစ်တပ်က ဖိနှိပ်ဆက်ဆံခဲ့တာ မရှိပါဘူးလို့ ဒီလူတွေက ပြောဆိုတာတွေကိုလည်း ရုပ်မြင်သံကြားကနေ ပြသခဲ့ပါတယ်။ ဒီလို ပြသတဲ့အထဲမှာတော့ ရာထူးက ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို ထောက်ခံသူ ရှပ်နီ ဆန္ဒပြခေါင်းဆောင် Jatuporn Prompan လည်း ပါဝင်ပါတယ်။

အစိုးရကို ထောက်ခံသူ၊ ဆန့်ကျင်သူ နှစ်ဘက်စလုံးက ဆန္ဒပြသူတွေကတော့ စစ်တပ်က ဖမ်းဆီးမှုတွေ လုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပေမဲ့လို့ ဒါကို အာခံပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံရေး တင်းမာမှုတွေ ရှိနေတဲ့တိုင်အောင် မြို့တော် ဘန်ကောက်မှာတော့ အခြေအနေက ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့်ကို လျှော့ပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ ဆိုပြီးတော့လည်း စစ်တပ်က အမိန့် လျှော့ပေါ့ပေးလိုက်ပါတယ်။
XS
SM
MD
LG