သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေး အခြေအနေ တင်းမာဆဲ


နိုင်ငံရေး မငြိမ်သက်မှုတွေ အချိန်ကြာမြင့်လာပြီဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အကြမ်းဖက်မှုတွေ တိုးလာနေပြီး ဒီကနေ့ တိုက်ခိုက်မှုအတွင်း ဆန္ဒပြသူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

ဘန်ကောက်မြို့လယ်ခေါင် Lumpini ပန်းခြံထောင့်မှာရှိတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြစခန်း တခုနားမှာ ဒီကနေ့မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို သူတို့ မသိဘူးလို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေ ဈေးဝယ်လေ့ရှိတဲ့ နေရာတဝိုက်နားက ဆန္ဒပြသူတွေ ရှိတဲ့နေရာမှာလည်း အခြားပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အခု ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက အစိုးရဆန့်ကျင် ဆန္ဒပြနေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေအပြီး ပေါ်လာရတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကလေး ၃ ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကစလို့ ဝန်ကြီးချုပ် ယင်းလပ် ပြုတ်ကျရေး ကြိုးပမ်းတဲ့ အကြမ်းဖက်မှုတွေထဲမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စခဲ့တဲ့ ထိုင်းနိုင်ငံရေး တင်းမာမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ဒါဟာ အဆိုးဆုံးဖြစ်ပါတယ်။

ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက သူတို့ကတိပေးထားတဲ့အတိုင်း အစိုးရကို အကာအကွယ်ပေးသွားဖို့ လမ်းပေါ်ထွက် ဆန္ဒပြလာကြမယ်ဆိုရင်တော့ အခြေနေတွေဟာ အခုထက် ပိုဆိုးလာမှာကို ထိုင်းပြည်သူတွေက စိုးရိမ်နေကြပါတယ်။
XS
SM
MD
LG