ထိုင်းနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်း ဖြုတ်ချလိုက်တာနဲ့အတူ ဖျက်သိမ်းခဲ့တဲ့ အရင်အခြေခံဥပဒေကို အစားထိုးဖို့ ယာယီ အခြေခံဥပဒေတရပ်ကို အာဏာသိမ်းပြီး နှစ်လအကြာ အင်္ဂါနေ့မှာ ပြဌာန်းလိုက်ပါပြီ။
ထိုင်းစစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ယာယီအခြေခံဥပဒေကို ဘုရင့်အတည်ပြုချက် ရယူဖို့ ဟွာဟင်း ပင်လယ်ကမ်းခြေမြို့က ဘုရင့်နန်းတော်ဆီ သွားရောက်ခဲ့ပါတယ်။
ဒါဟာ နှစ်လကြာ စစ်ဘက်က အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ခပ်ဖြေးဖြေး ပြန်သွားဖို့ ပထမအဆင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ကြားဖြတ်အစိုးရတရပ်နဲ့ ဥပဒေပြုအဖွဲ့တို့ လုပ်ငန်းတာဝန် စတင်ပြီးတဲ့ နောက်ပိုင်းမှာလည်း စစ်ဘက်က အာဏာ အများအပြား ဆက်ပြီး ချုပ်ကိုင်ထားနိုင်အောင် ယာယီ အခြေခံဥပဒေထဲမှာ ပြဌာန်းထားပါတယ်။ ဒါ့အပြင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့အပိုဒ်လည်း ထည့်သွင်းထားတာပါ။
ဥပဒေအသစ်တွေကို ထုတ်ပြန်ကြေညာပေးရတဲ့ တော်ဝင်ပြန်တမ်း ဝပ်ဆိုဒ်မှာ အခြေခံဥပဒေ အပြည့်အစုံကို ဖော်ပြခဲ့သလို ရုပ်မြင်သံကြားကနေလည်း ကြေညာပေးခဲ့ပါတယ်။
အခုလို ယာယီအခြေခံဥပဒေကို ပြဌာန်းတာဟာ အရင်ကြေညာထားတဲ့ အခြေခံဥပဒေအတွက် မူကြမ်းတခု ရေးဆွဲဖို့နဲ့ ကြားဖြတ် ဥပဒေပြုအဖွဲ့တခု ဖွဲ့စည်းဖို့ အစီအစဉ်တွေကို ဆက်လုပ်ဖို့ လုပ်ရိုးလုပ်စဉ်တခု ဖြစ်ပါတယ်။