သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ ဖော်ဆောင်ရာမှာ စိတ်ရှည်ကြဖို့ ထိုင်းခေါင်းဆောင်ပြောကြား


ဒီမိုကရေစီ ပေါ်ထွန်းရေးကို ထောက်ခံကြောင်းနဲ့ ဖွဲ့စည်းပုံအသစ် ရေးဆွဲနေတဲ့ကာလအတွင်း သည်းခံ ပေးကြဖို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ အစောပိုင်းက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပယ်ချခံလိုက်ရပြီးနောက်မှာ ဝန်ကြီးချုပ်က အဲဒီလို ပြောကြားလိုက်တာပါ။

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲဖြစ်စဉ်၊ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးသမားတွေ နိုင်ငံရေးထဲကို ဘယ်လိုဝင်တယ် ဆိုတာအဆုံး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အနဲငယ် လိုနေသေးတယ်လို့ မနှစ် မေလတုန်းက အရပ်သားအစိုးရကို ဖြုတ်ချလိုက်တဲ့ စစ်အာဏာသိမ်းခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်ကြီး Prayut Chan-ocha က ပြောပါတယ်။

တခြားနိုင်ငံတွေနည်းတူ ထိုင်းနိုင်ငံသားတွေဟာလည်း ဒီမိုကရေစီကို လိုလားပြီး ပဋိပက္ခတွေ အဆုံးသတ်တာကို မြင်တွေ့လိုကြောင်း နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်က ဗွီအိုအေနဲ့ ပြုလုပ်တဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖျက်သိမ်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစားထိုးဖို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံသစ် မူကြမ်းကို ထိုင်းနိုင်ငံ အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီက စက်တင်ဘာလအစောပိုင်းမှာ ပယ်ချလိုက်ပါတယ်။

ဖွဲ့စည်းပုံမူကြမ်းအသစ်ဟာ ဧပြီလအမီ တင်သွင်းရမှာ ဖြစ်ပါတယ်။ အဲဒီ ဖွဲ့စည်းပုံမူကြမ်းသစ်ကို အတည်ပြုနိုင်ရင်တောင် လူထုဆန္ဒခံယူပွဲ ပထမကျင်းပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နည်းဥပဒေတွေ ပြဌာန်းနိုင်ဖို့က အချိန်ပိုကြာဦးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Prayut Chan-ocha က ပြောပါတယ်။

ဒီအတောအတွင်း စစ်အုပ်ချုပ်ရေးကို အနဲဆုံး ၂၀၁၇ နှစ်လည်အထိ တိုးချဲ့ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG