သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အုပ်ချုပ်မှု ထိုင်းပညာရေးအပေါ် ရိုက်ခတ်မှုရှိ


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရနဲ့ သဘောထား မတူသူတွေကို ကန့်သတ်ချုပ်ခြယ်ခဲ့ပြီး အဲဒီလုပ်ရပ်တွေက ထိုင်းတက္ကသိုလ်တွေအပေါ် ရိုက်ခတ်မှု ရှိလာတယ်လို့ တက္ကသိုလ်အသိုင်းအဝိုင်းက ပြောကြပါတယ်။

ပညာရှင်တွေ အထူးသဖြင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်လို လွတ်လပ်စွာ တွေးခေါ်မှု ဘာသာရပ်တွေကို သင်ကြားပေးနေရသူတွေက သူတို့ဟာ အစိုးရက ထိန်းချုပ်ထားတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်မှု ခံနေရကြောင်း ပြောနေကြတာပါ။ ဗွီအိုအေသတင်းထောက် Ron Corben ရဲ့ သတင်းပေးပို့ချက်ကိုတော့ ကိုရဲခေါင်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မေလ ၂၀၁၄ ခုနှစ်က စစ်တပ်ကအာဏာသိမ်းပြီးကတည်းက လူပေါင်း ၇၅၀ လောက်ဟာ ပြန်လည်ရင်ကြားစေ့ရေး ကိစ္စကို ပြောဆိုဆွေးနွေးခဲ့တဲ့အတွက် စစ်တပ်ရဲ့ ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရတယ်လို့ နယူးယောက်မြို့အခြေစိုက် Human Rights Watch အဖွဲ့က ပြောပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေဟာလည်း စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်ဝေဖန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေက ပါမောက္ခတွေလည်း မလွတ်ပါဘူး။ ထိန်းသိမ်းခဲ့တဲ့ လူ ၇၅၀ ထဲမှာ အနည်းဆုံး ၆၅ ဦးဟာ တက္ကသိုလ်ကထိကနဲ့ ပါမောက္ခတွေဖြစ်ပြီး၊ သူတို့ဟာ “ခံယူချက် ထိန်းညှိပေးတဲ့သင်တန်း” တွေ တက်ခိုင်းဖို့အတွက်လို့ အကြောင်းပြပြီး ခေါ်ယူခံခဲ့ရတာလို့ ဒေသတွင်း တက်ကြွလှုပ်ရှားမှု ကွန်ယက်အဖွဲ့ Internet Dialogue on Law Reform က ပြောပါတယ်။

Titipol Phakdeewanich ဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ Ubon Ratchathani တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ပြတဲ့ ကထိကတဦး ဖြစ်ပါတယ်။ ဒီဒေသဟာ ၂၀၁၄ ခုနှစ် မေလက ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို ထောက်ခံတဲ့သူတွေရဲ့ အမာခံနယ်မြေ ဖြစ်ပါတယ်။ အခုဆိုရင် စာသင်ခန်းထဲနဲ့ ဆွေးနွေးပွဲတွေ အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါဝင်တဲ့ အခမ်းအနားတွေမှာ စစ်တပ်လူတွေ ပုံမှန် လာတက်နေကြတယ်လို့ Titipol က ပြောပါတယ်။

“အခြေအနေကတော့ ကြောက်ရွံ့တာနဲ့ ခြောက်လှန့်ခံရတာ ရောထွေးနေပါတယ်။ ကျနော် နောက်က တယောက်ယောက် လိုက်နေတယ်ဆိုတာ သိလိုက်ရပြီးကတည်းက ဘယ်အချိန် ညဘက် ကားမောင်းနေတုန်း စစ်တပ်က လာရပ်ခိုင်းတာ ကြုံရမလဲဆိုတာ အမြဲတွေးနေမိပါတယ်။ ဒါကြောင့် ကျနော့်စိတ်ထဲမှာ ကျနော့်ကျောင်းမှာ သင်ကြားခဲ့တာ အားလုံးအတွက် စိုးရိမ်နေရပါတယ်။"

တက္ကသိုလ်ကတိက ဆရာတွေဟာ ကျောင်းသားတွေအကြားမှာ ပုန်ကန်ထကြွချင်တဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာအောင် နှိုးဆွပေးနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က စွပ်စွဲပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထိုင်းနိုင်ငံရဲ့ သတင်းနဲ့ လူမှုကွန်ယက် မီဒီယာ လွတ်လပ်ခွင့်ကို အဆင့်ချပြီး၊ လွတ်လပ်မှု မရှိတဲ့ အဆင့် သတ်မှတ်ထားပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ အမျိုးသား ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကောင်စီဟာ လူပေါင်း ၄၀၀ ကျော်ကို အင်တာနက်ပေါ်မှာ ရေးသားခဲ့တာတွေအတွက် ခေါ်ယူစစ်ဆေးခဲ့တယ်လို့ Freedom House အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆိုင်းယမ်းတက္ကသိုလ်က ဒုတိယဌာနမှူး Ekachai Chaninuvati ကတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို စစ်ရေးနည်းလမ်း တခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘဲ၊ စစ်တပ်နဲ့ လူမှုအဖွဲ့အစည်းကြားမှာ တိုးပွားလာနေတဲ့ မယုံကြည်မှုတွေကို ရပ်တန့်နိုင်မှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

"ထိုင်းစစ်တပ်ကသူတို့ဟာ ပြည်သူတွေနဲ့ မတူဘူးလို့ ထင်နေပြီး၊ ပြည်သူတွေကလည်း စစ်တပ်နဲ့ မတူဘူးလို့ ထင်နေရင် ဘယ်လိုမှ ရှေ့ဆက်လို့ ရမှာ မဟုတ်ပါဘူး။"

ထိုင်းစစ်တပ်ဟာ နိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲဖို့အတွက် အာဏာသိမ်းထားတာ ဖြစ်တဲ့အကြောင်း ဝန်ကြီးချုပ် Prayuth က နှစ်ကုန်ဆုံးချိန် တနိုင်ငံလုံး ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ထိုင်းနိုင်ငံသားတွေကို ပြောကြားခဲ့ပါတယ်။၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ရွေးကောက်ပွဲအသစ် လုပ်ပြီးတဲ့နောက် ဒီမိုကရေစီ ပြန်ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူက ပြောပါတယ်။

XS
SM
MD
LG