သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်လာမည်


ထိုင်းဝန်ကြီးချုပ် Prayuth Chan–ocha
ထိုင်းဝန်ကြီးချုပ် Prayuth Chan–ocha

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေအရေနဲ့ စစ်ရေး၊ စီးပွားရေးအပါအဝင် ဘက်စုံ ကဏ္ဍစုံကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ သြဂုတ်လမှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်နဲ့ အောက်တိုဘာလ ၉ ရက်ကနေ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံကို တရားဝင် လာရောက်လည်ပတ်မှာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခုနှစ် မေလ ၂၂ ရက်နေ့မှာ စစ်အာဏာသိမ်းပြီး သြဂုတ်လ ၂၄ ရက်နေ့မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prayuth Chan-ocha ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ်နဲ့ အာဆီယံအလှည့်ကျဥက္ကဖြစ်တဲ့ မြန်မာနိုင်ငံကို ၂ ရက်ကြာ တရားဝင်လာရောက် လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံကြတဲ့အခါ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေး ဆွေးနွေးကြမှာဖြစ်ပြီး မကြာသေးခင်က ဗြိတိန်နိုင်ငံက ကမ္ဘာလှည့်ခရီးသည် ၂ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦး ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ မြန်မာအစိုးရအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာအလုပ်သမားတွေအကြားမှာ အလုပ်လုပ်ခွင့်သက်တမ်း၊ နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးနေပြီး တရားမဝင် နေထိုင်နေကြရသူ သိန်းနဲ့ချီ ရှိနေတာကြောင့် အခုလို ထိုင်းနဲ့ မြန်မာ ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါ မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဆွေးနွေး အဖြေရှာပေးဖို့ အခွင့်အလမ်းကောင်း တခုဖြစ်တဲ့အကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် ပါမစ် သက်တမ်းတိုးတဲ့ အစီအစဉ်တွေဟာ အလုပ်မဖြစ်ဘူးလို့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ယက် ဥက္ကဋ္ဌဦးစိန်ဌေးက ပြောပါတယ်။

“မြန်မာအစိုးရကနေပြီးတော့ နဂိုရ်ကထုတ်ပေးထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်- ယာယီပတ်စ်ပို့-ပေါ့။ ပယ်ဖျက်ပြီးတော့မှ ပုံမှန်နိုင်ငံကူးလက်မှတ် ကူးပြောင်းဖို့အတွက် လုပ်ဆောင်နေတာ။ အဲဒါက မအောင်မြင်တဲ့လုပ်ငန်းစဉ် ဖြစ်နေတော့ အဲဒါကို ပြန်ပြီးတော့နဂိုရ်ရှိနေတဲ့ဟာလေးကိုပဲ ပြန်ပြီးတော့ လုပ်ဆောင်ပေးဖို့၊ နောက်တစ်ခုက လေးနှစ်သက်တမ်းကုန်နေတဲ့ အလုပ်သမား ၅ သိန်းကျော်လောက်ကို ထိုင်းနိုင်ငံထဲမှာ ထိုင်းအစိုးရနဲ့ညှိနှိုင်းပြီးတော့ အမြန်ဆုံး သက်တမ်းတိုးပေးတဲ့အစီအစဉ်ကို ဆောင်ရွက်ဖို့ပေါ့နော်၊ အဲဒါကတော့ ဒီလိုလုပ်ပေးဖို့ကို အမြန်ဆုံးလိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အလုပ်သမားဦးရေက ၅ သိန်းလောက်ရှိသွားပါပြီ။”

ယာယီနိုင်ငံကူးလက်မှတ်အပါအဝင် အလုပ်လုပ်ခွင့် သက်တမ်းတိုးရေးအတွက် ချမှတ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ဟာ ပွင့်လင်း မြင်သာမှုမရှိတဲ့ အတွက် အခုလို အခက်အခဲတွေ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့လဲ ဦးစိန်ဌေးက ပြောပါတယ်။

ဒါကြောင့်လည်း မြန်မာ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင် အလုပ်လုပ်ခွင့်ရှိရမယ့်အစား တရားမဝင် အလုပ်သမားတွေဘဝကို မရည်ရွယ်ဘဲ ရောက်ကုန်ကြရတဲ့ကိစ္စဟာ ဒီကနေ့ အလုပ်သမားတွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အဓိကလတ်တလောဖြစ်ပေါ်နေတဲ့ဟာကတော့ သူတို့ရဲ့တရားဝင် ရပ်တည်နေရတဲ့အနေအထားကနေပြီးတော့ တရားမဝင်အလုပ်သမား ဖြစ်တော့မယ့် အနေအထားကိုး။ အခုနက အလုပ်သမား ၅ သိန်းကျော်က ဗီဇာတွေ ကုန်နေပြီ။ နှစ်ဘက်အစိုးရလည်း ဘာမှ မလုပ်ဆောင်ပေးဘူး။ အဲဒါကတော့ တကယ်ကို အရေးကြီးတဲ့အကြောင်းအရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ပိုက်ဆံတွေ အများကြီးပေးပြီးတော့ ဖြစ်လာရတာကိုး။အခု အစိုးရတွေက ဟိုလိုလို ဒီလိုလိုလုပ်နေတဲ့အခါကျတော သူတို့မှာ Over Stay တွေဖြစ်နေတာ အခုဆိုလို့ရှိရင် ဒါ Over-stay စဖြစ်နေတာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လကတည်းက ဖြစ်လာခဲ့တာ အခုအချိန်အထိ ဖြစ်နေတုန်းပေါ့။ နောက်လည်း ဒါမျိုးတွေက ထောင်နဲ့ချီပြီး ဖြစ်နေအုံးမှာပဲဆိုတော့ အဲဒီတော့ ဒီအလုပ်သမားတွေက တရားဝင်အနေအထားကနေ တရားမဝင် အနေအထားကို ရောက်သွားလို့ရှိရင် သူတို့က အခွင့်အရေးချိုးဖောက်ခံရတဲ့ဟာတွေက ပိုပိုပြီးတော့ ဆိုးလာမှာပေါ့နော်။ အဲဒါက ပိုပြီး အရေးကြီးပါတယ်။ တကယ်လို့ တရားဝင် အလုပ်သမား ဖြစ်နေလို့ရှိရင် အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုလည်း ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ရင်ဆိုင်ရဲတာပေါ့။ တရားမဝင်အလုပ်သမား ဖြစ်နေရင် ဘယ်သူ့ကိုမှ မပြောရဲဘူး၊ ရဲတွေလည်းကြောက်၊ ဟိုလူ့လည်းကြောက်၊ ဒီလူ့လည်းကြောက်၊ အကုန်လုံးကို ကြောက်နေရမယ့် အနေအထားကို ရောက်သွားမှာပေါ့။”

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံကြတဲ့အခါ မြန်မာနိုင်ငံက ရွေ့ပြောင်း အလုပ်သမားတွေ အရေးအပြင် နယ်စပ် လုံခြုံရေး၊ လောင်စာ စွမ်းအင်၊ အာဆီယံနဲ့ ဆိုင်တဲ့ အကြောင်းကိစ္စတွေအပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ဧပြီလအတွင်း သွားရောက် လည်ပတ်စဉ်က ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေကိုလည်း ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်တဲ့အကြောင်း အမည်မဖော်လိုတဲ့ မြန်မာအစိုးရ အရာရှိက ပြောပါတယ်။

ဒါ့အပြင် ထားဝယ်ရေနက် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရေးအတွက်လည်း အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပြီး အဲဒီ စီမံကိန်းကို ကြီးကြပ် ကွပ်ကဲဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ကော်မီတီ ဖွဲ့စည်းသွားမယ့်အကြောင်း ထိုင်းနိုင်ငံက သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

ဝန်ကြီးချုပ် Prayuth Chan-ocha ဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာအစိုးရ အရာရှိတွေအပြင် မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ထိုင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG