သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတော်ဝင်မင်းသမီး ကိုယ်စားပြုပါတီ ဖျက်ဖို့ ကော်မရှင်တိုင်ကြား


ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်မယ့် ရွေးကောက်ပွဲမှာ တော်ဝင်မိသားစုဝင်တဦးကို ပါတီကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တဲ့ နိုင်ငံရေးပါတီကို ဖျက်သိမ်းပေးရေး ရွေးကောက်ပွဲ ကော်မရှင်က အခြေခံဥပဒေဆိုင်ရာ တရားရုံးကို ဒီကနေ့ပဲ လျှောက်ထားလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံ ဘုရင်စနစ်နဲ့ ဒီမိုကရေစီနည်းကျ အစိုးရကို ရွေးချယ်တဲ့စနစ်မှာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး Thai Raksa Chart ပါတီကို ဖျက်သိမ်းပေးဖို့ ကော်မရှင်က တိုင်ကြားလိုက်တာပါ။

မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဝန်ကြီးချုပ်သစ် ရွေးချယ်မယ့် ရွေးကောက်ပွဲမှာ မင်းသမီး Ubolratana Mahidol ပါတီကိုယ်စားပြု ယှဉ်ပြိုင်ဖို့ Thai Raksa Chart ပါတီက ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အခုအခါ အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ထိုင်းဘုရင်ရဲ့ အမတော် မင်းသမီး Ubolratana ဟာ ၁၉၇၂ ခုနှစ်မှာ အမေရိကန်နိုင်ငံသား တဦးနဲ့ လက်ထပ်ခဲ့ပြီး တော်ဝင်မိသားစုဝင် အရိုက်အရာကို စွန့်လွှတ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားပါတယ်။

ဒါပေမဲ့လည်း ဘုရင် Maha Vajiralongkorn ကတော့ တော်ဝင်မိသားစုဝင်ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်မယ့် လုပ်ရပ်ဟာ အခြေခံဥပဒေနဲ့ မညီသလို၊ သင့်တော်တဲ့လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ ကော်မရှင်ကလည်း သတ်မှတ်ချက်နဲ့ မကိုက်ညီကြောင်း တနင်္လာနေ့တုန်းကပဲ ဆုံးဖြတ်ခဲ့ပါတယ်။ မင်းသမီး Ubolratana ကတော့ တိုင်းပြည်နဲ့ ထိုင်းပြည်သူတွေ အားလုံးအတွက် အလုပ်အကျွေးပြုဖို့ ရိုးရိုးသားသား ရည်ရွယ်ခဲ့ပေမဲ့လည်း ဒီကနေ့အချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း အင်တာနက်လူမှုကွန်ရက်ကနေ ပြောဆိုထားတာပါ။ ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းဖို့ တိုင်ကြားခံခဲ့ရတဲ့ Thai Raksa Chart ပါတီဟာ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ ဆက်နွယ်တဲ့ ပါတီတခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG