ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့က ပန်းခြံထဲ စခန်းချထားတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ နေရာအသစ်အဖြစ် ဝန်ကြီးချုပ်ရုံး တည်ရှိရာ နေရာနားကို တနင်္လာနေ့မှာ ရွှေ့ပြောင်းခဲ့ကြပါတယ်။
ဘန်ကောက်မြို့လယ်ကို ငြိမ်းငြိမ်းချမ်းချမ်း ပြောင်းရွှေ့နေကြတဲ့ ဆန္ဒပြကသူတွေက လက်ရှိယာယီအစိုးရကို ဖျက်သိမ်းပြီး ထိုင်းနိုင်ငံတွင်း နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေလုပ်နေချိန်မှာ အရွေးကောက်ခံ မဟုတ်တဲ့ ပြည်သူ့ကောင်စီကို အစားထိုးခန့်ထားဖို့ တောင်းဆိုနေပါတယ်။
ထိုင်းယာယီဝန်ကြီးချုပ် နီဝပ် သမ်ရောင် ဘွန်ဆာ ဖိုင်ဆန် (Niwatthamrong Boonsongphaisan) ဟာ ဘန်ကောက်မြို့ပြင်မှာ ရုံးခန်းဖွင့်ပြီး တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်ဆောင်ဖို့ကိစ္စကို ယာယီဝန်ကြီးချုပ်က လက်မခံပါဘူး။ အစိုးရအနေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထား ပေမယ့် ရလဒ်ဟာ ဒီမိုကရေစီနည်းကျရမှာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ဘယ်လို အကြမ်းဘက်မှုမျိုးကိုမှ မလိုလားဘဲ အခုဆန္ဒပြမှုတွေကလည်း ပြည်တွင်းစစ်ဖြစ်တဲ့ အနေထားထိ ရောက်မလာနိုင်ပါဘူးလို့ ပြောပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်နိုင်မလားလို့ မေးမြန်းကြတဲ့အခါမှာတော့ ယာယီအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ရဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲပြီးမှ ရက်အတိအကျ သိရမှာဖြစ်ကြောင်း ယာယီဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေ အရင်မလုပ်ပဲ ရွေးကောက်ပွဲထပ်လုပ်ရင် လက်မခံဘူးလို့ ခြိမ်းခြောက်နေတဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက သပိတ်မှောက်ခဲ့တဲ့ နောက်မှာ ဖေဖေါ်ဝါရီ ၂ ရက်နေ့ရွေးကောက်ပွဲကို အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။